ခြိမ်းခြောက်ခံနေရပေမယ့် CDM လှုပ်ရှားမှု ဆက်လုပ်မယ်လို့ ဆရာ/ဆရာမတွေပြော



ပညာရေးဝန်ထမ်းတွေအားလုံး မေလ ၃ ရက် ဒီနေ့မှာ ကျောင်းပြန်တက်ဖို့နဲ့ ကျောင်းပြန်မတက်ရင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးမယ်ဆိုတဲ့ ဖိအားပေးခြိမ်းခြောက် ခေါ်ယူနေမှုတွေရှိနေပါ တယ်။ ပညာရေးဝန်ထမ်းတချို့ကတော့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ CDM ဆက်လုပ်သွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားကြသူတွေရှိသလို တချို့ကလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် ဒီနေ့မှာ ကျောင်း ပြန်တက်တာတွေရှိနေပါတယ်။

အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေ အလုပ်ပြန်မဆင်းဘူးဆိုရင် ပြီးခဲ့တဲ့မတ်လက ထုတ်ပေး ထားတဲ့ လစာပြန်ပေးဖို့နဲ့ ဧပြီလအတွက် လစာထုတ်ပေးမှာ မဟုတ်သလို၊ အစိုးရချေးငွေ နှစ်လစာကို ပြန်ဆပ် ရမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဖိအားပေးနေသလို CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုရင် တပ်မတော်ကို အကြည်ညိုပျက်စေမှု ၅၀၅ က နဲ့ အမှုဖွင့်အရေးယူမယ်ဆိုပြီး ကြေညာထားပါတယ်။

ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ အဆုံးထိ CDM လုပ်သွားမှာဖြစ်ပြီး ပြည်သူ့အစိုးရအုပ်ချုပ်မှ ကျောင်းပြန် တက်မယ်လို့ ပဲခူးမြို့က အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကျောင်းပြန်တက်ဖို့ အစီအစဉ် လုံးဝမရှိဘူး။ ပုံမှန်အတိုင်းပဲသွားမယ်။ တကယ်လို့ ဒီအတိုင်း အကြာကြီးရေရှည်သွားဦးမယ်ဆိုရင်လည်း ဒီအတိုင်းပဲဆက်သွားမယ်။ ကျွန်တော်တို့အနေနဲ့ အလုပ်ထွက်ရင်လည်း ထွက်ရပါစေ။ ထုတ်ရင်လည်း ထုတ်ပါစေ။ ကျွန်တော်တို့အနေနဲ့ တခြားအလုပ်ပဲ ပြင်ပမှာ လုပ်စားတော့မယ်။ ဆက်ပြီး ပြီးတဲ့အထိပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ခံစားရတာကတော့ နိုင်ကိုနိုင် မှာပါ။"

တချို့ ဆရာ၊ ဆရာမတွေလည်း အမှုဖွင့်ခံရမှာ အဖမ်းခံရမှာကိုကြောက်ပြီး ကျောင်းပြန်တက်ကြတာ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ဆရာဆရာမများသမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်သိန်းဝန်းကျင်တော့ CDM ကျန်နေသေး တယ်လို့ သူကဆိုပါတယ်။

“တချို့ရွာကကျောင်းတွေဆိုရင် ၁၀၀ ရာခိုင်နှုန်း ပြန်တက်သွားတာတွေရှိတယ်။ တချို့ကျောင်းတွေ ကျတော့လည်း ၅၀ ရာခိုင်နှုန်း။ ကျွန်တော်တို့ကျောင်းအနေနဲ့ ပြောမယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက် ကျောင်းပြန်တက်သွားတယ်။ ၆၀ ရာခိုင်နှုန်းကတော့ လုံး၀ CDM ပဲ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ CDM လုပ်ပြီးကျန်ခဲ့တဲ့ အရေအတွက်က ခန့်မှန်း ၄၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ခဲ့တယ်။"

တစ်နိုင်ငံလုံးမှာ ပညာရေးဝန်ထမ်း လေးသိန်းကျော်ရှိပြီး ဖေဖော်ဝါရီမှာ CDM မှာ ပါဝင်သူ သုံးသိန်းကျော် ရှိခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဆရာဆရာမတွေကို ခေါ်ယူပြီး ကျောင်းပြန်တက်ဖို့နဲ့ အမိန့် မနာခံရေး CDM လှုပ်ရှားမှုမှာ မပါဝင်ကြောင်း လက်မှတ်ထိုးဖို့ ဖိအားပေးခံရတာကြောင့် ဝန်ထမ်း နှစ်သိန်း ကျော်က လက်မှတ်ရေးထိုးခဲ့ကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ အဖွဲ့ချုပ်က ပြောပါတယ်။

တချို့ဆရာ/ဆရာမတွေက လစာမရတာ စားဝတ်နေရေး ကျပ်တည်းတဲ့ပြသနာတွေကြောင့် ကျောင်းပြန်တက် ရတာမဟုတ်ဘဲ၊ အမှုဖွင့်ခံရမှာ၊ ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်ဖြစ်ဖြစ် ဖမ်းဆီးခံရမှာကို ကြောက်ပြီး ပြန်တက် နေကြရတာလို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း “စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် CDM ဝန်ထမ်းတွေ အလုပ်ဆုံးရှုံးခဲ့ရင်၊ အရပ်သားအစိုးရ ပြန်တက်လာတဲ့အခါ မူလအလုပ်တွေကို ပြန်ပေးမှာ ဖြစ်သလို၊ ဖမ်းဆီးတရားစွဲခံရတဲ့ ဝန်ထမ်းတွေကို သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုလွှာတွေ ပေးအပ် သွားမယ်” လို့ ပြီးခဲ့တဲ့ မတ်လထဲမှာ တရားဝင် ကြေညာချက်ထုတ်ပြီး ပြောခဲ့ဖူးပါတယ်။

မိသားစုစားဝတ်နေရေး အဆင်မပြေလို့ CDM လှုပ်ရှားမှုမှာ မပါဝင်ခဲ့တဲ့ ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ထဲက အမည်မဖော်လိုတဲ့ မူလတန်းပြ ဆရာမတယောက်ကတော့ ကျောင်းလာတက်ရတာ စိုးရိမ်မှုတွေရှိနေပြီး ယခင် CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေလည်း ဒီနေ့မှာ ကျောင်းပြန်တက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ အခု ကျောင်းလာတက်တယ်ဆိုပေမယ့် အရင်ကဆိုရင်တော့ ယူနီဖောင်းနဲ့ ဆရာမဆိုတဲ့ ဂုဏ်သိက္ခာလေးနဲ့ လာရတာပေါ့နော်။ အခုကျတော့ ယူနီဖောင်းကို ဖွက်ပြီး အပြင်ဝတ်စုံလေးနဲ့ အပြင်က လူတစ်ယောက်လိုပဲ လာနေရတယ်။ အခုကြားနေရတာ ရပ်ကွက်တွေ ဗုံးတွေခွဲတာတွေ ကြားနေရတော့ ကျွန်မတို့ စိုးရိမ်စိတ်တွေနဲ့ ကျောင်းတက်ရတာပေါ့။ တဘက်မှာလည်း ကျွန်မတို့ မိသားစု အခက်အခဲ ကလည်းရှိနေတယ်။ စားဝတ်နေရေးကလည်း ဒီအတိုင်းမနေတော့ စိုးရိမ်စိတ်တွေနဲ့ ကျောင်းတက်နေ ရတယ်။ တချို့ဆရာမတွေဆိုရင် စတုန်းက CDM လုပ်တယ်။ ဒါပေမဲ့ ဒီ နှစ်လ၊ သုံးလ ကြာလာတော့ သူတို့တွေလည်း မိသားစုတွေရှိလို့ တောင့်မခံနိုင်ဘူး။ အဲလိုအခြေအနေကြောင့် အခု ၃ ရက်နေ့မှာ ပြန်ဝင်လာတဲ့သူတွေလည်းရှိပါတယ်။"

ရန်ကုန်တိုင်း ဒလမြို့နယ်မှာတော့ ပညာရေးဌာနရဲ့ရာခိုင်နှုန်း တစ်ဝက်ခန့်က CDM လှုပ်ရှားမှာ ပါဝင်နေတဲ့ ဆရာ ဆရာမတွေဟာ ရှောင်တိမ်းနေရင်းနဲ့ CDM လှုပ်ရှားမှု မပျက်အောင် တောင့်ခံနေတယ်လို့ ဒလမြို့က ဆရာမ တစ်ဦးက ဆိုပါတယ်။

"ကနဦးက ဒလမှာ CDM လုပ်တဲ့အရေအတွက် ၇၀၀ ကျော်ရှိပါတယ်။ အခု ဧပြီလမှာ သင်တန်းတွေ စဖွင့်လိုက်တာ့ တဖြည်းဖြည်းစဖွင့်လိုက်တော့ လူက ၅၀၀ ကျော်ပဲ ကျန်တော့တယ်။ တဖြည်းဖြည်းသူတို့ ဖိနှိပ်လာတာပေါ့။ အဓိက လစာကိစ္စရယ်၊ ပြီးတော့ မိသားစုတွေနဲ့ ခြိမ်းခြောက်တာရယ်၊ ချေးငွေပြဿနာ တွေရယ် အပြင် ပုဒ်မ ၅၀၅ နဲ့ဆွဲမယ်ဆိုပြီး ဆရာမတွေကို ခြိမ်းခြောက်တာမျိုးတွေရှိလာတော့ မိသားစု တွေရဲ့ အန္တရာယ်ကို စိုးရိမ်တဲ့ဆရာ ဆရာမတွေက ပြန်ဝင်သွားတာမျိုးတွေရှိပါတယ်။ လက်ရှိမှာ ဒလ မြို့နယ်ပညာရေးဌာနရဲ့ တဝက်သာသာက CDM အင်အားတွေ ရှိပါသေးတယ်။"

စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ CDM ဆက်လုပ်သွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားကြတဲ့ ဆရာ၊ ဆရာမ တွေရှိသလို စစ်ကောင်စီရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် CDM လှုပ်ရှားမှုကို လက်လျှော့ပြီး ဒီနေ့ အလုပ်ပြန်တက်တဲ့ ပညာရေးဝန်ထမ်းတွေလည်း ရှိနေပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေး ပါဘူး။

RFA Burmese



ခြိမ်းခြောက်ခံနေရပေမယ့် CDM လှုပ်ရှားမှု ဆက်လုပ်မယ်လို့ ဆရာ/ဆရာမတွေပြော ခြိမ်းခြောက်ခံနေရပေမယ့် CDM လှုပ်ရှားမှု ဆက်လုပ်မယ်လို့ ဆရာ/ဆရာမတွေပြော Reviewed by THITHTOOLWIN on 19:46 Rating: 5

No comments:

Powered by Blogger.