ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ဟားခါး ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွါး

ချင်းကာကွယ်ရေးအဖွဲ့အမှတ်တံဆိပ်

ချင်းပြည်နယ် ဟားခါးမြို့မှာ မေလ(၂)ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့လုံခြုံရေးဂိတ်ကို ဟားခါးမြို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုမှုကို တပ်ဖက်က မလိုက်လျောတဲ့အတွက် ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါ။ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း လုံခြံုရေးတင်းကြပ်တဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့ ဟားခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တခုကို တနင်္ဂနွေညဘက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က ဖမ်းဆီးထားသူတွေကို မေလ ၂ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား လွှတ်ပေးဖို့ ပြည်သူတွေဖက်က တောင်းဆိုခဲ့တာကို စစ်တပ်ဖက်က မလိုက်လျောတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟားခါးပြည်သူ့ ကာကွယ်ရေးတပ်တာဝန်ရှိသူ တစ်ဦးကအခုလိုပြောပါတယ်။

"ကျွန်တော်တို့စတာကျတော့ (၆)နာရီ(၄၀) (၄၅)မိနစ်မှာစပစ်တယ်။ နာရီဝက်တောင်မရှိဘူး အဲတာတပ်ဘက်က နောက်ဆုတ်သွားတယ်။ ရန်သူဖက်ကတော့ (၄) ယောက် (၅) ယောက်လောက်တော့ကျဆုံးသွားတယ်။ ကျွန်တော်တို့ ဘက်မှာတော့ ဘာထိခိုက်မှုမှမရှိဘူး။ ကျောဘုတ်ဂိတ်ဆိုတာကေတော့ ကင်းစောင့်တဲ့နေရာဘဲ။ ဟားခါးမြို့တွင်း ထဲမှာဘဲ"

ဟားခါးမြို့တွင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိတယ်လို့ဒေသခံတွေနဲ့ ကာကွယ်ရေးတပ် ဘက်ကပြောဆိုပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မတွေ့ရသေးပါဘူး။ ဗီအိုအေကလည်း သီးခြား အတည်မပြုနိုင်ပါဘူး။ သူတို့ဖက်က ခုလို စမတိုက်ခင် စစ်တပ်ကို သူတို့တောင်းဆိုတာတွေနဲ့ပါတ်သက်လို့လည်း ခုလိုပြောပါတယ်။

"ကျွန်တော်တို့က ကြိုတင်ပြီးတော့သတိလဲပေးတယ်။ ကျွန်တော်တို့တောင်းဆိုချက်(၁၁)ချက်တောင်လုပ်ထားတယ် ကျွန်တော်တို့က။ အဲဒီအထဲမှာ ဘာတွေပါလဲဆိုတော့ အဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးဖို့ရယ်။ ပြီးတော့ CDMလှုပ်ရှားသူတွေကို မခြိမ်းခြောက်ဖို့ရယ်။ နောက်ပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေအကုန်လုံး လွတ်လပ်ဆန္ဒပြနိုင်ဖို့အတွက် ကျွန်တော်တို့တောင်းဆိုထားတယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်ဖက်ကနေ ကျွန်တော်တို့တောင်းဆိုချက်တွေကို Action မယူတဲ့ အခါကျတော့ ကျွန်တော်တို့တို့ဒီလိုမျိုး လုပ်ရတာပေါ့နော်"

ဟားခါးမြို့မှာ ခုလို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း လုံခြုံမှုတွေတင်းကြပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ပစ်ခတ်မှုဖြစ်ပြီးမှလဲ ဒီအဝင်အထွက်တော့နဲနဲတင်းကြပ်တာပေါ့နော် အရင်ကထက်စာရင်တော့။ အသွားအလာတော့နဲနဲတင်းကြပ်တာပေါ့နော်"

ချင်းပြည်နယ်ထဲမှာပဲ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တဲ့ မင်းတပ်မြို့မှာလည်း ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုရာကနေ ပြီးခဲ့တဲ့ဧပြီလ(၂၆) နဲ့ (၂၇)ရက်နေ့တွေမှာ မင်းတပ်ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်ကအယောက်(၂၀) ခန့်ထိခိုက်ကျဆုံးတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်ဘက်ကပြောဆိုပေမဲ့ စစ်ကောင်စီဖက်ကတော့ (၂) ဦးသေဆုံးတယ်လို့ပြောပါတယ်။

မင်းတပ်မြို့ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖက် မြို့မိမြို့ဖတွေ ပြည်သူ့ ကာကွယ်ရေးတပ်ဘက်က ခေါင်းဆောင် တွေနဲ့ (၃)ရက်အကြာတွေ့ဆုံညှိနှိုင်းမှုအရ သဘောတူညီချက်ရရှိခဲ့တယ်လို့ကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

"မင်းတပ်ဆွေးနွေးမှုအရ အခုလက်ရှိအချိန်ထိ ဒီဆေးရုံရယ် ထွေအုပ်ရယ် ဘဏ်ရုံးရယ်တပ်စွဲထားတာပြန်ရုပ်ပေးတယ်။ အစိုးရရုံးတွေမှာစွဲထားတဲ့ ကျွန်တော်တို့တပ်ဆုတ်ပေးတယ်။ မြို့တွင်းမှာလက်နက်ကိုင်ဆောင်ပြီးမသွားဖို့ ။ နှစ်အုပ်စုလုံး လက်နက်ကိုင်ဆောင်မသွားဖို့။ လောလောဆယ်တော့ ပုံမှန်နီးနီးဖြစ်နေတယ်"

"လက်ရှိမင်းတပ်မြို့မှာအခြေအနေတည်ငြိမ်နေပြီးလို့ဆိုပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထပ်ပြရင် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူး" လို့သူကဆိုပါတယ်။

ချင်းပြည်နယ် မင်းတပ်နဲ့ဟားခါးမြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒရေး ဆန္ဒပြသပိတ်မှောက်မှုအပေါ် လုံခြုံရေး တပ်တွေဘက်က လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုကြောင့် ဒေသခံတွေက ရရာလက်နက်ကိုင်စွဲ ခုခံတော်လှန်ခဲ့ကြတာပါ။ ခုလို အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေက ဆန္ဒပြပြည်သူတွေအပေါ် ပစ်ခတ် ဖိနှိပ်နေချိန်မှာ ပြည်တွင်း ပြည်ပချင်းလူငယ်တွေ စုပေါင်းပြီး ဧပြီလ(၂၂)ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization)နဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ ကို ဖွဲ့စည်းခဲ့ပါတယ်။ 


ကိုနိုင်ကွန်းအိမ်/ VOA Burmese

https://burmese.voanews.com/a/chin-defence-force-and-military-council-troop-clashes-firing/5875989.html

ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ဟားခါး ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွါး ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ဟားခါး ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွါး Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.