ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ တရုတ်လုပ် ဒရုန်းယာဉ်တွေကို စစ်ကောင်စီအသုံးပြု


စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေကို ဖြိုခွဲဖို့အတွက် မြန်မာစစ်တပ်က တရုတ်လုပ် ဒရုန်းယာဉ်တွေကို သုံးနေတယ်လို့ ANI သတင်းမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က မန္တလေးမြို့ပေါ်တဝိုက်မှာ တွေ့နေရတဲ့ ဒရုန်းယာဉ်တွေဟာ မြေပြင်က ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အနေထားကိုသိဖို့ သုံးတာဖြစ်နိုင်ကြောင်း Asia Time သတင်းကို ကိုးကားဖော်ပြထားသလို မြန်မာစစ်တပ်သုံးနေတဲ့ ဒရုန်းတွေဟာ တရုတ်လုပ် CH-3A တွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Janes International Defense Review နဲ့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့က အတည်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတရုတ်ဒရုန်းယာဉ်တွေကို မိတ္ထီလာ ရှမ်းတဲ လေတပ်အခြေစိုက်စခန်းမှာ တွေ့ရတယ်လို့ CSIS က ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အတည်ပြုထားတာ ဖြစ်ပြီး ဒီ CH-3A ဒရုန်းတွေကို တရုတ်အစိုးရ အာကာသသိပ္ပံနဲ့ နည်းပညာဌာန CASC လက်အောက်က လေကြောင်းဆိုင်ရာဌာန China Aerospace Long-March International က တည်ဆောက်တာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်တင်ပို့မှုမှာ တရုတ်က ၅၆ ရာခိုင်နှုန်း၊ ရုရှားက ၃၁.၆ ရာခိုင်နှုန်းနဲ့ ကျန်တာကို ယူကရိန်း၊ မြောက်ကိုရီးယားနဲ့ အစ္စရေး အပါအဝင် တခြားနိုင်ငံတွေက တင်ပို့တာဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသိပ္ပံ SIPRI ကရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး Asia Times မှာ ဖော်ပြထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်ဝယ်ယူတဲ့ ငွေပမာဏ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-junta-use-drones-to-crack-down-protesters/5884137.html

ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ တရုတ်လုပ် ဒရုန်းယာဉ်တွေကို စစ်ကောင်စီအသုံးပြု ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ တရုတ်လုပ် ဒရုန်းယာဉ်တွေကို စစ်ကောင်စီအသုံးပြု Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.