ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်ပွဲ ကမ္ဘာအနှံ့ ဆက်လက်နွှဲ


မေလ ၉ ရက် တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အမေများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်ရဲ့ မိခင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရာကနေ လွတ်မြောက်စေဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာနွယ်ဖွားတွေ ပါဝင်တဲ့ Support the Democracy Movements in Burma အဖွဲ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဝါရှင်တန်ရင်ပြင်မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အဖမ်းခံနေရသူတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတွေပါ ပြုလုပ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ်လိုလို ပြုလုပ်နေချိန်မှာပဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံတွေကနေ မြန်မာ့အရေး ကမ္ဘာကသိအောင် ကြိုးပမ်းနေကြပါတယ်။

အမေရိကန်အရှေ့ခြမ်းက မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန်မြို့က လွှတ်တော်အဆောက်အဦးရှေ့မှာ တနင်္ဂနွေနေ့က အမေရိကန်ရောက် မြန်မာတွေ စုဝေးပြီး မြန်မာစစ်တပ်ကို အကျိုးပြုနေတဲ့ ရေနံကုမ္ပဏီတခုဖြစ်တဲ့ Chevron ကို သပိတ်မှောက်ဖို့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ တိုကျိုမြို့ ကုလသမဂ္ဂရုံးဘေးက ကုလသမဂ္ဂတက္ကသိုလ်ရှေ့မှာ ဂျပန်ရောက်မြန်မာတွေ စုဝေးပြီး ဟောင်ကောင်၊ တိဘက်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယားနဲ့ Turkistan နိုင်ငံသားတွေနဲ့အတူ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာပါ။

ဂျပန်နိုင်ငံ နာဂိုယာဘက်မှာတော့ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားသူတွေအတွက် ရည်စူးပြီး ဆွမ်းဆက်ကပ်တာ၊ တရားနာတာနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဂျပန်ရောက် မြန်မာတွေ စုဝေးကျင်းပခဲ့ကြပါတယ်။

စနေနေ့ကလည်း ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကို- ဘေးဧရိယာမှာ အမေရိကန်ရောက် မြန်မာတွေ စုဝေးပြီး မြန်မာနိုင်ငံမှာ အရွေးကောက်ခံ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ CRPH က အသစ်ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/protests-free-daw-aung-san-suu-kyi/5884133.html 

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်ပွဲ ကမ္ဘာအနှံ့ ဆက်လက်နွှဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်ပွဲ ကမ္ဘာအနှံ့ ဆက်လက်နွှဲ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.