ATM မှာ ငွေထုတ်ချင်သူတွေ အခက်ကြုံ

ATM မှာ ငွေထုတ်ချင်သူတွေ အခက်ကြုံ 

မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တွေရဲ့ ATM ငွေထုတ်စက်တွေမှာ တနေ့ ငွေထုတ်နိုင်တဲ့ ပမာဏကို ကျပ် ၂ သိန်းအထိ လေ ျှာ့ချလိုက်ပြီးနောက်ပိုင်း ငွေထုတ်စက်တွေရှိတဲ့ နေရာတွေမှာ မနက်အစောပိုင်းထဲက တန်းစီနေသူတွေကို နေ့စဉ်တွေ့နေရပါတယ်။ အခုရက်ပိုင်းမှာတော့ လကုန်ရက်ပိုင်းမို့ တန်းစီ ငွေထုတ်ဖို့ ကြိုးစားသူတွေ ပိုများနေပါတယ်။ ခုလိုအခြေအနေကြောင့် အရေးပေါ် ငွေထုတ်သုံးဖို့ လိုသူတွေ အခက်တွေ့နေကြပါတယ်။ ငွေထုတ်ချင်သူတွေ ကြုံနေရတဲ့အခက်အခဲအကြောင်း ရန်ကုန်မြို့က ပေးပို့တဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွာရေးလုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းတွေအားလုံး ရပ်တန့်လု ဖြစ်နေတာပါ။ ဒီကြားထဲ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့အတွက် ဘဏ်လုပ်ငန်းတွေ တော်တော်လေးထိခိုက်ခဲ့ပါတယ်။

ဘဏ်တွေမှာ ကိုယ်တိုင်သွားငွေထုတ်နိုင်တဲ့ ပမာဏကိုရော ATM ငွေထုတ်စက်တွေမှာ ထုတ်နိုင်တဲ့ ပမာဏကိုပါ လေ ျှာ့ချလိုက်ပြီးနောက် ငွေထုတ်ချင်သူတွေ အခက်တွေ့ကြရပါတယ်။ ATM ငွေထုတ်စက်တွေကနေ တရက်ကို ကျပ်ငွေ ၂ သိန်း ထုတ်ယူခွင့်ပြုထားပေမဲ့ တကယ်ထုတ်တဲ့အခါ စက်ထဲငွေမရှိတာ၊ ငွေထုတ်ဖို့ တန်းစီသူ အဆမတန် များပြားနေတာ ဒီလိုအခက်အခဲတွေနဲ့ ကြုံနေရကြောင်း ရန်ကုန်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“သွားထုတ်ရမှာ ပင်ပန်းတာနဲ့ နောက်ပြီး ပိုက်ဆံက ATM စက်တွေမှာ မရှိတာနဲ့ စိတ်ကညစ်၊ ရွှေပြည်သာမှာဆို ATM ထုတ်လို့အဆင်ပြေတာ တခုပဲရှိတယ်။ ကျန်တဲ့ဟာတွေက တခုမှပိုက်ဆံမရှိဘူး။ အရင်ဒီမတိုင်ခင်က သူတို့လာလာထည့်သေးတယ် အခုနောက်ပိုင်း မထည့်တာ တော်တော်ကြာသွားကြပြီ။ ဘယ်အချိန်လာထည့်လို့ထည့်မှန်း သူတို့အစောင့်တွေ ကိုယ်တိုင်က မသိတော့ဘူး။ ငါးခုမှာ ထုတ်လို့အဆင်ပြေတာ ၁ လုံးပဲရှိတယ် အဲဒီတော့ သေရောပေါ့ လူတွေက တပုံကြီးပဲ။”

တိုင်းပြည်အခြေအနေ မတည်ငြိမ်တာရော၊ ဘဏ်လုပ်ငန်းတွေရဲ့ ခိုင်မာမှုအပေါ် ပြည်သူတွေ စိုးရိမ်နေကြတာကြောင့် ဘဏ်မှာအပ်ထားတဲ့ ငွေတွေကို ထုတ်ယူဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုလို လကုန်ရက်ပိုင်းမှာတော့ ATM စက်တွေရှေ့တန်းစီသူတွေ အရင်ထက် ပိုများနေပါတယ်။ အကန့်အသတ်နဲ့ပဲ ငွေထုတ်ခွင့်ပေးထားလို့ အရေးပေါ်ငွေလိုအပ်လာတဲ့ အခြေအနေမျိုးမှာ အခက်အခဲဖြစ်ရကြောင်း ရန်ကုန်မြို့က လုပ်ငန်းရှင်တဦးက ပြောပါတယ်။ တရက် ၂ သိန်းထုတ်နိုင်ဖို့ နေ့တိုင်း အချိန်သီးသန့်ပေးရသလို ငွေစုစာအုပ်ထဲက ထုတ်မယ်ဆိုရင်လည်း ဘဏ်က ရက်ချိန်းပေးပြီး စောင့်ခိုင်းကြောင်း သူကပြောပါတယ်။

“ငွေရှိတဲ့ ATM စက်ကိုရှာရတာပေါ့ ရန်ကုန်မြို့ထဲမှာ။ အဲဒါကတော့ ကိုယ်တွေ့ကြုံလာရတဲ့ အဖြစ်အပျက်ပေါ့၊ ငွေရှိတဲ့စက်ကျတော့လည်း စောစောသွားနိုင်မှ ထုတ်လို့ရတဲ့သဘောရှိတယ်။ လူတန်းကြီးက အရှည်ကြီးပဲ၊ ကိုယ့်အလှည့်ရောက်ခါနီးမှ ငွေကုန်သွားတာလည်း ရှိတယ်။ လောလောဆယ် ငွေအသည်းအသန်လိုတဲ့သူတွေ ဆေးကုဖို့၊ ခွဲစိတ်ကုသဖို့ လိုတာပဲဖြစ်ဖြစ်၊ အိမ်ခြံမြေတွေ ရောင်းဝယ်ထားပြီးတော့ သတ်မှတ်ထားတဲ့ရက်မှာ ပိုက်ဆံမချေနိုင်မချင်း ထုတ်ဖို့ပြဿနာတွေရှိတော့ ဘယ်လိုခေါ်မလဲ ငွေသားကိုင်ထားပြီး ပွဲစားလို့ပြောရမလား သူတို့ကို ၅ ရာခိုင်နှုန်း အမြတ်ပေးပြီးတော့ အဲလိုထုတ်နေရတာတွေ ရှိတယ်။”

ဘဏ်တွေပြိုလဲသွားနိုင်တယ်ဆိုတဲ့ ကောလဟာလသတင်းတွေလည်း ဒီရက်ပိုင်း ပြန့်နေတာမို့ တချို့ကလည်း ရသလောက် ငွေထုတ်ယူနေတာတွေ ရှိပါတယ်။ ဘဏ်မှာ ငွေမအပ်ချင်သူတွေ တဖြည်းဖြည်း များလာမယ်ဆိုရင် ငွေကြေးဆိုင်ရာ မတည်ငြိမ်မှုတွေ ဖြစ်လာမှာကို ရန်ကုန်တိုင်း တွံ့တေးမြို့နယ်က ဦးအောင်လင်းထွန်းက စိုးရိမ်နေပါတယ်။

“ပြန်ပဲထုတ်မယ် ပုံမှန်ပဲထုတ်နေမယ်ဆိုရင် ဒါရေရှည်မှာတော့ သိပ်မကောင်းဘူးပေါ့နော်။ လူတွေက အခုဆိုရင် ကျေးလက်တွေမှာလည်း အဲဒီငွေကြေးတွေကို ဘာလုပ်လဲဆိုတော့ ပြန်မအပ်တော့ဘူး ဘဏ်တွေကို၊ အပေါင်ဆိုင်ဖွင့်မယ်၊ ငွေတိုးချေးစားမယ်၊ ဘာလုပ်မယ် အခြားနည်းလမ်းနဲ့ စဉ်းစားနေကြတာရှိတယ် မြေတွေဝယ်မယ် အစရှိသည်ဖြင့်ပေါ့။ အဲလိုမျိုး ငွေကြေးဆိုင်ရာ ကမောက်ကမတွေ မလည်ပတ်မှုတွေ များလာတာကတော့ ကုန်စျေးနှုန်းတွေ မြင့်မယ်၊ ငွေကြေးဖောင်းပွမှုမြင့်မယ် အဲလိုမြင်တယ်။”

ဝန်ထမ်းအများအပြား CDM လုပ်ကြတဲ့ ပုဂ္ဂလိကဘဏ်တော်တော်များများ တဖြည်းဖြည်း ပြန်လည် ဖွင့်လှစ် လည်ပတ်နေပြီဖြစ်ပေမဲ့ အာဏာမသိမ်းခင် ပုံမှန်အခြေအနေမျိုးတော့ မဟုတ်သေးပါဘူး။

မြန်မာအရှေ့တိုင်းဘဏ် MOB က အလုပ်မဆင်းတဲ့ ဘဏ်ခွဲအသီးသီးက ဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်ကနေ ထုတ်ပစ်ကြောင်း ကြေညာထားပါတယ်။ တခြားဘဏ်တွေကလည်း သူတို့ဝန်ထမ်းတွေ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းကြဖို့ နောက်ဆုံးအကြိမ် ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။


ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/myanmar-bank-atm-difficulties-/5873868.html

ATM မှာ ငွေထုတ်ချင်သူတွေ အခက်ကြုံ ATM မှာ ငွေထုတ်ချင်သူတွေ အခက်ကြုံ Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.