ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရမှု ၃ လပြည့်ပေမယ့် ရှေ့နေနဲ့ လူချင်းတွေ့ခွင့် မရသေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်။ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေနဲ့ ခုချိန်ထိ လူကိုယ်တိုင် တွေ့ခွင့်မရသေးဘူးလို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က AFP သတင်းဌာနကို ပြောပါတယ်။

"ကျနော်တို့အမှုသည်ဆီက ညွှန်ကြားချက်ရယူဖို့ အခုချိန်ထိ တွေ့ဆုံခွင့် မရသေးပါဘူး။ စွပ်စွဲခံထားရသူဆီက ညွှန်ကြားချက်တွေ မရဘဲနဲ့ သူ့အတွက် ကျနော်တို့ ဘယ်လို ခုခံချေပနိုင်မှာပါလဲ၊ တရားစွဲဆိုခံထားရသူရဲ့ ဥပဒေအရ ရပိုင်ခွင့်အတွက် ကျနော်တို့ အထူးပဲ စိုးရိမ်မိပါတယ်" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေအိမ်မှာ ထိန်းသိမ်းခံထားရတာ အခုဆို ၃ လပြည့်သွားပြီဖြစ်ပြီး အပြင်မှာဖြစ်ပျက်နေတဲ့ သတင်းတွေ မသိရအောင် ဖြတ်တောက်ခံထားရတယ်လို့ အကျိုးဆောင်ရှေ့နေ နောက်တဦးဖြစ်သူ ဒေါ်မင်းမင်းစိုးကလည်း တနင်္လာနေ့မှာ ပြောပါတယ်။

"ရုပ်မြင်သံကြားသတင်းတွေ သူကြည့်ခွင့်မရဘူးလို့ ကျမထင်ပါတယ်။ လက်ရှိအခြေအနေကို သူသိနေတယ်လို့ ကျမ မထင်ပါဘူး" လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေတွေနဲ့ စွဲချက်တင်ထားတဲ့အပြင် သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေနဲ့ ၂ မှု စွဲချက်တင်ထားတဲ့အတွက် စုစုပေါင်း အမှု ၆ မှုနဲ့ ရင်ဆိုင်နေရတာပါ။

ရှေ့နေတွေနဲ့ လူချင်းမတွေ့ရဘဲ ရှေ့နေတွေဘက်မှာရော ဒေါ်အောင်ဆန်းစုကြည်ဘက်မှာပါ ရဲတွေက စောင့်ကြည့်နေတဲ့ကြား ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့်ပဲ တွေ့ခွင့်ရသေးတယ်လို့ အကျိုးဆောင်ရှေ့နေအဖွဲ့က AFP ကို ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/daw-aung-san-suu-kyi-lawyers/5874285.html

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရမှု ၃ လပြည့်ပေမယ့် ရှေ့နေနဲ့ လူချင်းတွေ့ခွင့် မရသေး ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရမှု ၃ လပြည့်ပေမယ့် ရှေ့နေနဲ့ လူချင်းတွေ့ခွင့် မရသေး Reviewed by THITHTOOLWIN on 19:02 Rating: 5

No comments:

Powered by Blogger.