မြန်မာမှာ လာမယ့် ၆ လအတွင်း လူပေါင်း ၃ ဒသမ ၄ သန်းခန့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်လို့ WFP ဆို


နေပြည်တော်၊ ဧပြီ ၂၃၊ ၂၀၂၁

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကြပ်အတည်းနဲ့ ဆက်စပ်ပြီး စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရတဲ့ လူ ၂ သန်းခန့်ဟာ အကူ အညီတွေ ရရှိလာနိုင်ပေမယ့် လာမယ့် ၆ လအတွင်း အထူးသဖြင့် မြို့ပြဒေသတွေက လူပေါင်း ၃ ဒသမ ၄ သန်းခန့် ကတော့ ရိက္ခာပြတ်လပ်နိုင်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဧပြီ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။

ဒါဟာ စားနပ်ရိက္ခာ ဖူလုံမှုမရှိနိုင်ဘူးလို့ WFP က ယူဆထားတဲ့လူ ဦးရေ ၂ ဒသမ ၈ သန်းထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် WFP က ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြို့ကြီးတချို့က ဆင်းရဲနွမ်းပါးသူတွေနဲ့ မကြာသေးခင်က ရွှေ့ပြောင်း နေထိုင်ကြရတဲ့ ဒေသတွေက ပြည်သူတွေကို အဓိကထား ကူညီမယ့် အစီအစဉ် ဆောင်ရွက်နေကြောင်း ထုတ်ပြန် ကြေညာ ထားပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက်တာ Stephen Anderson က“ဆင်းရဲနွမ်းပါးတဲ့ လူတွေဟာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြ ပြီး စားစရာလည်း မရှိကြတော့ဘူး”လို့ ပြောကြားပါတယ်။

ပိုမို ဆိုးဝါးလာနိုင်တဲ့ အဲဒီ စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မဖူလုံမှု ပြဿနာကို အမြန်ဆုံး ပူးပေါင်း ဆောင်ရွက် ဖြေရှင်းပေးရမှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ရန်ကုန်မြို့ ဝန်းကျင်ရှိ မိသားစုတွေဟာ စားရေရိက္ခာ ပြန်လပ်မှု၊ အာဟာရ မပြည့်ဝတဲ့ အစားအစာတွေ စားနေရတာ နဲ့ စားဝတ်နေရေး အတွက် အကြွေးတွေလည်း တင်ကုန်ကြတယ်လို့ WFP က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အဓိကအားဖြင့် ဆင်းရဲနွမ်းပါးသူတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေတွေ ဆုံးရှုံးရခြင်း၊ အစားအစာ ဝယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့ရခြင်း၊ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်မှုကြောင့် မြို့ပြနေပြည်သူတွေဟာ ထိခိုက်နိုင်ပြီး ကျေးလက်နေ ပြည်သူတွေဟာလည်း ကာလကြာရှည် ဖိစီးတွေနဲ့ ကြုံတွေ့ရခြင်းတွေ ဖြစ်နိုင်တယ်လို့လည်း WFP က ပြောကြားပါတယ်။

WFP အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တခြားနေရာတွေက လာရောက် အခြေချနေထိုင်မှုတွေရှိတဲ့ အဆင်းရဲဆုံးမြို့နယ် ၁၀ ခုကို ကူညီဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

WFP ဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေက အခြေအနေတွေကိုလည်း စောင့်ကြည့်နေပြီး လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူတွေ အပါအဝင် ထိခိုက်နစ်နာတဲ့ ရပ်ရွာလူထုတွေကို ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ပြောကြားပါတယ်။

WFP ရဲ့နောက်ဆုံး စျေးကွက် စောင့်ကြည့်လေ့လာမှုအရ ဇန်နဝါရီလက စပြီး တစ်နိုင်ငံလုံး ပျမ်းမျှ ဆန်စပါး ဈေးနှုန်းဟာ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စားသုံးဆီမှာလည်း အခုအခါမှာ ဖေဖော်ဝါရီလကထက် စျေးနှုန်း ၁၈ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

ရခိုင်၊ ကချင် နဲ့ ချင်းတို့ အပါအဝင် နယ်စပ်ပြည်နယ်တွေမှာလည်း ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကချင်ပြည်နယ်မှာ တချို့မြို့နယ်တွေမှာ ဆန်ဈေးက ၄၃ ရာခိုင်နှုန်းအထိ တက်လာပြီး စားသုံးဆီက ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်”လို့ WFP က ပြောပါတယ်။

တစ်နိုင်ငံလုံး လောင်စာဆီဈေးနှုန်းဟာလည်း အကြမ်းအားဖြင့် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသတွေမှာ လုံခြုံမှုကင်းမဲ့နေပေမယ့်လည်း WFP က ပြည်တွင်း ရွှေးပြောင်းဒုက္ခသည်တွေနဲ့ အခြား လိုအပ်ချက် ရှိတဲ့ လူတွေအတွက် အကူအညီတွေ ဆက်လက် ပေးထားနိုင်ရေး အလေးထားခဲ့ပါတယ်။

မတ်လအတွင်း ချင်းပြည်နယ် တောင်ပိုင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ ဒုက္ခသည် လူပေါင်း ၃၇၄၀၀၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လာမည့်လတွေအတွင်း WFP က ကူညီပေးသူ ဦးရေဟာ  ၁.၃ သန်းမှ ၃.၃ သန်းအထိ သုံးဆနီးပါး ရှိလာမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်ဖို့ WFP ကဒေါ်လာ ၁၀၆ သန်းကို အရေးပေါ် အကူအညီတောင်းခံခဲ့ရပါတယ်။

“ကြီးမားတဲ့ လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းကို ကျနော်တို့ရှေ့မှောက်မှာ မဖြစ်ပွားစေဖို့ ကျနော်တို့ အရှိန် မြှင့်ရမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ကျနော်တို့ မျှော်လင့် ပါတယ်”လို့ Anderson က ပြောဆိုသွားပါတယ်။




Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာမှာ လာမယ့် ၆ လအတွင်း လူပေါင်း ၃ ဒသမ ၄ သန်းခန့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်လို့ WFP ဆို မြန်မာမှာ လာမယ့် ၆ လအတွင်း လူပေါင်း ၃ ဒသမ ၄ သန်းခန့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်လို့ WFP ဆို Reviewed by THITHTOOLWIN on 06:38 Rating: 5

No comments:

Powered by Blogger.