အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးနဲ့အင်တာဗျူး

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ခေါ်မောင်တင်သစ်

၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်တွေက ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရမှာ ဦးရည်မွန်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားလိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းဖို့၊ ဖက်ဒရယ်မဟာမိတ် Federal Alliance ဖက်ဒရယ်တပ်မတော် ဆက်လက်တည်ထောင်ဖို့ဆိုတဲ့ လုပ်ငန်းစဥ်တွေကိုလည်း ကြေညာထားပါတယ်။ လက်နက်မရှိတဲ့ တပ်ဖွဲ့မရှိတဲ့ သုညအနေအထားကနေ လက်နက်ကိုင် တပ်မတော်ဖွဲ့စည်းဖို့ လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်ဖို့ဆိုတာမျိုးတွေကို ဘယ်လိုစီစဥ်ထားပါသလဲလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ကိုသိမ်းမြတ်က ဧပြီလ၂၃ရက်နေ့မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘယ်လိုဖွဲ့စည်းမလဲ

ဘီဘီစီ။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဘယ်လိုဖွဲ့စည်းမှာပါလဲ။

ဦးရည်မွန်။ ။ ဒါအားလုံးလည်း သိတဲ့အတိုင်းပေါ့ဗျာ။ ဒီနေ့ပြည်သူတွေဟာ အကာအကွယ်မဲ့နေတယ်။ ပြည်သူကို အကာအကွယ်ပေးရမဲ့ စစ်တပ်ကလည်း ပြည်သူကို ကာကွယ်ရမဲ့အစားမှာ အကြမ်းဖက်သတ်ဖြတ်တဲ့ စစ်တပ်ဖြစ်နေတယ်ဆိုတာကိုလည်း အားလုံးအသိပါပဲ။ ဒီလိုအချိန်မျိုးမှာ ပြည်သူ့အစိုးရတရပ်အနေနဲ့ ပြည်သူကို အကာအကွယ်ပေးရမဲ့ တာဝန်လည်းရှိတယ်။ ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့ တပ်မတော်ကို ထူထောင်ဖို့လည်း တာဝန်ရှိတယ်လို့ခံယူတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းတဲ့အခါ ဘယ်လိုဖွဲ့စည်းမှာပါလဲ။ စောစောပိုင်းတုန်းက ရပ်ကွက်တွေမှာ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ပြောတာလည်း တွေ့ခဲ့ဖူးတယ်။ အခုဖွဲ့စည်းတဲ့အခါ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမလဲ၊ ဘယ်ကလူတွေနဲ့ ဖွဲ့စည်းမလဲ။

ဦးရည်မွန်။ ။ ဟုတ်ကဲ့။ ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းမလဲဆိုရင်တော့ စစ်တပ်ဆိုတာ ဘာလဲ။ စစ်တပ်ရဲ့အဓိက အလုပ်ဟာ ဘာလဲဆိုတာကို အရင်ကြည့်ရမှာပေါ့ဗျာ။ စစ်တပ်ဆိုတာက ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ပြည်သူ့အစိုးရကို နာခံရလိမ့်မယ်။ ပြီးတော့ စစ်သားဆိုတာက စစ်တန်းလျားမှာပဲ နေရမယ်။ နိုင်ငံရေးမှာ ဝင်ရှုပ်လို့မရဘူး။ ပြီးရင်သူဟာ နိုင်ငံ့တာဝန်ကို တကယ်ကျေပြွန်အောင် ထမ်းဆောင်နိုင်တဲ့ တပ်မတော်မျိုးဖြစ်ဖို့လိုတယ်။ ကျွန်တော်တို့အခုထောင်မဲ့တပ်မတော်ဆိုတာ နိုင်ငံရေးအခံပေါ်မှာ ထူထောင်မဲ့ တပ်မတော်မျိုးပါ။ ဒီတပ်မတော်မှာ ဘယ်သူတွေပါဝင်မလဲဆိုရင် လက်ရှိကျွန်တော်တို့နိုင်ငံရင်ဆိုင်နေရတဲ့ စစ်အာဏာရှင် စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ လူငယ်လူရွယ်တွေ ပါဝင်ပါလိမ့်မယ်။

ဒီလူငယ်လူရွယ်တွေထဲမှာလည်း တိုင်းရင်းသားပြည်သူအစုံပါဝင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီ့ရှေ့မှာတုန်းကတော့ CRPH ကနေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ ဆိုတာဖွဲ့တာရှိတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ ဆိုတာ ဖွဲ့တာတွေရှိတယ်။ ပအဖ ရဲ့အဓိကတာဝန်ကတော့ အုပ်ချုပ်ရေးတာဝန်၊ ပလဖရဲ့ အဓိက တာဝန်ကတော့ လုံခြုံရေးတာဝန်ပါ။ တနည်းအားဖြင့် ရှေ့မှာဆိုရင် ပလဖတွေဟာ ရဲတပ်ဖွဲ့ရဲ့ တာဝန်မျိုးကို ထမ်းဆောင်ပါလိမ့်မယ်။ ပလဖအဖွဲ့ထဲကနေမှာ ပြည်သူ့ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်လာဖို့ ရှိပါလိမ့်မယ်။

ဘယ်လိုစစ်ရေးဗျူဟာကျင့်သုံးမလဲ

ဘီဘီစီ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလိုမျိုး လွတ်မြောက်ဒေသထူထောင်ပြီး တပ်ဖွဲ့တပ်မတွေထူထောင်တာမျိုးလုပ်မလား။ နောက်တခုကစစ်တပ်ကို ခုခံနေတဲ့လူငယ်တွေကြားမှာ ခေတ်စားနေကြသလို ငြင်းခုံမှုလည်းရှိတဲ့ အကြောင်းအရာတခုက မြို့ပြပြောက်ကျားနည်းနဲ့သွားမလား၊ ကျေးလက်ပြောက်ကျားနည်းနဲ့ သွားမလားဆိုတာပါ။ ဦးရည်မွန်တို့အနေနဲ့က ဘယ်လိုနည်းမျိုးနဲ့ ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါသလဲ။ ဘယ်လမ်းကြောင်းကို သွားမလဲ။

ဦးရည်မွန်။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့အသုံးပြုမဲ့ စစ်နည်းဗျူဟာကတော့ ဖြစ်နိုင်တဲ့ ပုံစံ အားလုံးကို အသုံးပြုဖို့ပါပဲ။ တပ်မတော်ကို ထူထောင်တဲ့အခါမှာလည်း နည်းလမ်းအားလုံးကို အသုံးပြုနိုင်တဲ့ တပ်မတော်ဖွဲ့ဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်။ အဲဒီတော့ မြို့ပြပြောက်ကျား အတွက် train တဲ့ တပ်ဖွဲ့မျိုးလည်း ပါဝင်မှာ ဖြစ်သလို တကယ့်အခြေတကျ တပ်ရင်းတပ်ဖွဲ့တွေအဖြစ် ထူထောင်မဲ့ အစီအစဥ်လည်း ရှိပါတယ်။

ဘီဘီစီ။ ။ မြို့ပြပြောက်ကျားနည်းလမ်းလား၊ ကျေးလက်ပြောက်ကျားနည်းလမ်းလားဆိုတဲ့ မေးခွန်းက မြို့ပြလူလတ်တန်းစားကို အဓိကအားထားမလား၊ ကျေးလက်လယ်သမားကို အဓိကထားမလားဆိုတဲ့ အခြေခံသဘောထားနဲ့ ဆိုင်ပါတယ်။ ဘယ်ကပိုအဓိကကျတယ်လို့ ဦးရည်မွန်တို့ သုံးသပ်ထားပါသလဲ။

ဦးရည်မွန်။ ။ လက်ရှိထူထောင်တဲ့တပ်မတော်ဟာ လူထုအုံကြွမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာပေါ့ဗျာ။ အခုလူထုအုံကြွမှုက တောရောမြို့ပါ ဖြစ်နေတာဆိုတော့ ဘယ်အင်အားစုက ပိုအဓိကကျတယ်ဆိုတာကို ပြောဖို့တော့ ခက်နေတာပေါ့ဗျာ။ မြို့ကြီးပြကြီးက ဂျန်ဇီဆိုတဲ့လူငယ်တွေက သိပ်ပြီး စိတ်အားတက်ကြွ နေကြသလို ကျေးလက်နေလူငယ်တွေကလည်း ဒီအပေါ်မှာ စိတ်ပိုင်းဖြတ်ထားတဲ့လူတွေ အမြောက်အမြား ရှိနေတာ တွေ့ရတယ်ဆိုတော့ ပါဝင်မှုဖွဲ့စည်းမှုကတော့ တောရောမြို့ပါ ပါဝင်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ဒီလိုရည်ရွယ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေး၀န်ကြီးနဲ့အင်တာဗျူး


စစ်ရေးရည်မှန်းချက်ကဘယ်အထိရည်ရွယ်ပါသလဲ

ဘီဘီစီ။ ။ စစ်ရေးရည်မှန်းချက်က ဘယ်အတိုင်းအတာထိ ရည်မှန်းထားပါသလဲ။ စောစောတုန်းက စစ်တပ်က စစ်တန်းလျားမှာပဲရှိရမယ်လို့ ဦးရည်မွန်က ပြောပါတယ်။ ဒီတော့ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဦးဆောင်တဲ့တပ်မတော်က စစ်တန်းလျားကို ပြန်သွားပါမယ်ဆိုရင် စစ်ရေးရည်မှန်းချက်က အဲဒီမှာပဲ ပြီးပြီလား။ ဒါမှမဟုတ် အာဏာသိမ်းစစ်တပ် လုံးဝပျက်စီးသွားရေးအထိရည်မှန်းထားသလား။ စစ်ရေးရည်မှန်းချက်က ဘယ်လောက်အထိ ရည်မှန်းထားပါသလဲ။


ဦးရည်မွန်။ ။ အဓိက ကတော့ ကျွန်တော်တို့ တဖက်မှာ အတွေးအခေါ်တိုက်ပွဲနဲ့လည်း ဆက်စပ်နေတယ်လို့ပြောရမှာပေါ့။ အတွေးအခေါ်တိုက်ပွဲဆိုတာက ရှေ့မှာ ကျွန်တော်ပြောခဲ့သလိုပဲ စစ်တပ်ဟာ ပြည်သူ့အစိုးရကို နာခံရမယ်၊ ကာကွယ်ရေးတာဝန်ကိုပဲ သီးခြားထမ်းဆောင်ရမယ်ဆိုတဲ့ ခံယူချက်မျိုးဖြစ်ပေါ် လာဖို့လိုပါတယ်။ အခုဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ ပြောလို့ ရတယ်။ SSR လုပ်ငန်းစဥ်ပေါ့ဗျာ။ ကျွန်တော်တို့ အဓိကလုပ်ငန်းစဥ်က ဘာလဲဆိုတော့ တပ်မတော်ဟာ အဓိကတာဝန်က ကာကွယ်ရေးတာဝန်၊ သူဟာနိုင်ငံရေးမှာ ဝင်ပြီး ဗိုလ်ကျစိုးမိုးရေးဆိုတာကို အတွေးအခေါ်မျိုးကို ခေါင်းထဲထည့်ထားလို့ မရဘူး။ ဒီအတွေးအခေါ်မျိုးကို ကျွန်တော်တို့ ရှင်းပစ်ရမယ်။ လက်ရှိစစ်ကောင်စီအောက်က စစ်တပ်ထဲကလည်း တကယ်နိုင်ငံရေး အယူအမြင်သန့်ရှင်းတဲ့ ပုဂ္ဂိုလ် တကယ်တိုင်းချစ်ပြည်ချစ်စိတ်ရှိသူပုဂ္ဂိုလ်တွေကတော့ ကျွန်တော်တို့ ထူထောင်တဲ့ တပ်မတော်ထဲပူးပေါင်းပါဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ဒီတော့ တပ်မတော်က လုံးလုံး အသစ်ဖြစ်ရမယ်ပေါ့။ ဘယ်အတိုင်းအတာအထိ ကျွန်တော်တို့သွားရမလဲဆိုတာတော့ လောလောဆယ် ပြောဖို့ခက်သေးတယ်။ တဖက်က စစ်ကောင်စီအောက်က စစ်တပ်ရဲ့အခြေအနေ သူ့ရဲ့ လားရာ ဒါကိုလည်း ကျွန်တော်တို့ ကြည့်ရပါလိမ့်မယ်။ ရှေ့မှာကတော့ စစ်ကောင်စီ စစ်တပ်ထဲမှာလည်း နိုင်ငံရေးနဲ့ ကင်းကင်းနေချင်တဲ့ တပ်မတော်သားတွေ တကယ်လည်း ကိုယ်ကျိုးစီးပွား အခြေမခံဘဲ တိုင်းချစ်ပြည်ချစ်စိတ်သက်သက်နဲ့ စစ်မှုထမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိမယ်ဆိုတော့ ဒီလိုယုံကြည်ချက်ချင်း အတွေးအခေါ်ချင်းတူတဲ့သူတွေကတော့ ပူးပေါင်းသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

လူငယ်တွေရဲ့မျှော်လင့်ချက်ကိုဘယ်လိုဖြည့်ဆည်းပေးမလဲ

ဘီဘီစီ ။ ။ လက်ရှိလေးခွနဲ့ တူးမီးနဲ့ တိုက်နေတဲ့ လူငယ်တွေလည်း အများအပြားရှိနေတယ်။ အဲဒီလူငယ်တွေကို ဦးရည်မွန်တို့ ဘယ်လိုစဥ်းစားစီစဥ်ထားပါသလဲ။

ဦးရည်မွန်။ ။ ကျွန်တော်တို့ အခုတည်ထောင်မဲ့ တပ်မတော်က တကယ့်ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ ရည်ရွယ်တာပေါ့။ အဲဒီအတွက် ကျွန်တော်တို့က စနစ်တကျ ပြင်ဆင်မှုတွေလိုတယ်။ စနစ်တကျ လေ့ကျင့်မှုတွေလိုတယ်။ စနစ်တကျ စုဖွဲ့မှုတွေ လိုတယ်ပေါ့။ အခုလည်း ကိုယ်ထူကိုယ်ထ ခုခံစစ်ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျွန်တော်တို့ အဆက်အသွယ်ရထားပါတယ်။ ဒီရှေ့မှာကတော့ သူတို့ကို ပရော်ဖက်ရှင်နယ်ဖြစ်အောင်၊ စုဖွဲ့မှုကောင်းကောင်း လေ့ကျင့်မှုကောင်းကောင်းဖြစ်အောင် ကျွန်တော်တို့ဘက်ကနေ ပြင်ဆင်တည်ဆောက်ပေးမှုတွေ ရှိလာပါလိမ့်မယ်။

ဘီဘီစီ ။ ။ အခုချိန်မှာ လူထုလှုပ်ရှားမှုလည်း အရင်ကထက် အားလျော့လာတာ တွေ့ရတယ်။ ဒီတော့ အချိန်ကိုက အရေးကြီးတဲ့ ပြဿနာတခုလို့ ရှုမြင်လာကြပါတယ်။ ဒီတော့ အချိန်တိုတိုအတွင်းမှာ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်သလား။ အချိန်ဘယ်လောက်ယူရနိုင်သလဲ။

ဦးရည်မွန်။ ။ ကျွန်တော်တို့ မြန်နိုင်သမျှ မြန်မြန်ဖြစ်အောင်ကြိုးစားဆောင်ရွက်သွားမှာပါ။ လမ်းပေါ်မှာ လူထုဆန္ဒပြပွဲကြီးတွေ မမြင်ရတော့ဘူးဆိုတာကတော့ အဓိကက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့်ပါပဲ။ လူတွေက စိတ်ဓာတ်ကျသွားလို့ တော်လှန်ရေးစိတ်ဓာတ်လျော့နည်းသွားလို့ မဟုတ်ပါဘူး။

R2Pဖြစ်နိုင်သလား၊ R2Pကြောင့် ဆီးရီးယားလို ဖြစ်သွားနိုင်သလား

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေး၀န်ကြီးနဲ့အင်တာဗျူး


ဘီဘီစီ ။ ။ CRPH အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တဖက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်မယ်လို့ ကြေညာထားသလို တဖက်မှာတော့ နိုင်ငံတကာကနေ R2P ဝင်လာဖို့တိုက်တွန်းနေတာတွေလည်း ရှိနေပါတယ်။ R2P ဆိုတာက ဘယ်လောက်များ ဖြစ်နိုင်ခြေရှိပါသလဲ။

ဦးရည်မွန် ။ ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ စစ်အုပ်စုရဲ့ဖိနှိပ်ညှဥ်ပန်းမှုတွေအောက်မှာ အကာအကွယ်မဲ့နေတဲ့ အခြေအနေမျိုးဆိုတာကတော့ ထင်ရှားပါတယ်။ နိုင်ငံတကာအနေနဲ R2P ဝင်ဖို့ စဥ်းစားတယ်ဆိုရင်၊ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးတခုအနေနဲ့ နိုင်ငံတနိုင်ငံက ပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေပြီလို့ စဥ်းစားတယ်ဆိုရင် ဝင်ရမယ့် အချိန်ကကျနေပါပြီ။ R2P ဆိုတာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အခွင့်အရေးမျိုး တာဝန်မျိုးကို ဆိုလိုတာပါ။ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ဆိုတာ နိုင်ငံတကာဆီကနေ ရယူမလား၊ ဒါမှမဟုတ် အခုကျွန်တော်တို့ထူထောင်မဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့မှာ Federal Army မတိုင်ခင် Federal Alliance မျိုးပေါ်လာဖို့ လည်း ကြိုးစားသွားမှာပါ။ ဒီလို Federal Alliance မျိုးကို စစ်အုပ်စုစစ်ကောင်စီကို ရင်ဆိုင်နိုင်ဖို့ ခုခံနိုင်ဖို့ အကူအညီပေးမယ်ဆိုရင်လည်း R2P သဘောသက်ဝင်မယ်လို့ထင်ပါတယ်။

ဘီဘီစီ။ ။ ဦးရည်မွန်ဆိုလိုချင်တာက ပြည်ပက R2P ဝင်လာတာမျိုးထက် Federal Alliance ကို ပိုပြီး အားကိုးတယ်လို့ ဆိုချင်တာပါလား။

ဦးရည်မွန်။ ။ ကျွန်တော်ဆိုလိုတာကတော့ R2P မှာ ပုံစံနှစ်မျိုးရှိနိုင်တယ်။ တမျိုးက နိုင်ငံတကာတပ်တွေ ဝင်လာတာကတမျိုး နောက်တမျိုးက Federal Alliance ဆိုတာကလည်း တိုင်းရင်းသားပြည်သူအားလုံးကို အကာအကွယ်ပေးဖို့ဖြစ်တဲ့အတွက် Federal Alliance ကို (သူတို့က) အကူအညီပေးမယ်ဆိုရင်လည်း R2P သဘောနဲ့ အတူတူဖြစ်လိမ့်မယ်လို့ဆိုလိုတာပါ။

ဘီဘီစီ ။ ။ ပထဝီအနေအထားအရ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေပါတယ်။ တကယ်လို့ R2P ဆိုတာမျိုးဖြစ်လာခဲ့ရင် Proxy War ဖြစ်လာလိမ့်မယ်။ ဆီးရီးယားလို ဖြစ်သွားလိမ့်မယ်ဆိုပြီး စိုးရိမ်ပူပန်မှုတွေရှိပါတယ်။ ဦးရည်မွန်အနေနဲ့ရော အဲသလို စိုးရိမ်ပူပန်မှုမျိုးရှိပါသလား။

ဦးရည်မွန် ။ ။ ဒီမှာတော့ ၂ ပိုင်းပေါ့ဗျာ။ တပိုင်းကတော့ တရုတ်နဲ့ ဆက်ဆံရေးကိစ္စပေါ့။ တရုတ်က ကျွန်တော်တို့ရဲ့ အိမ်နီးချင်း၊ အင်အားကြီးနိုင်ငံတခုလည်း ဖြစ်တယ်။ တရုတ်အနေနဲ့ ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အရေးတော်ပုံကို မှန်မှန်ကန်ကန်နားလည်ဖို့ ရှင်းလင်းပြောဆိုထားတာတွေ ရှိပါတယ်။ CRPH အနေနဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ရော ဒီဆောင်ရွက်မှုရဲ့ တကယ့်အရေးကြီးတဲ့ အချက်ကတော့ အရှည်သဖြင့် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးရဖို့ပဲ။ တကယ်တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် စစ်အုပ်စုရဲ့ဗိုလ်ကျစိုးမိုးမှုကတော့ ဘယ်လိုမှ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို ပေးနိုင်မှာ မဟုတ်ဘူး။ တိုင်းရင်းသားပြည်သူတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မှသာ တကယ့်နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ရနိုင်မှာပါ။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုဟာ တရုတ်အတွက်လည်း အကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့ ရှင်းလင်းပြောပြထားပါတယ်။

နောက်တပိုင်းကတော့ ဆီးရီယားလိုဖြစ်မလားဆိုတဲ့ကိစ္စပေါ့။ ဆီးရီးယားနဲ့ မြန်မာနဲ့ မတူဘူးလို့ပဲ နားလည်ပါတယ်။ ဆီးရီးယားမှာ လူမျိုးရေး၊ ဘာသာရေး ကွဲလွဲမှုတွေကို အကြောင်းပြုပြီး ဘက်တွေက အများကြီးရှိနေတယ်။ အုပ်စုတွေရဲ့ နောက်မှာကလည်း အင်အားကြီးနိုင်ငံတွေက ပုံစံအမျိုးမျိုးနဲ့ရှိနေတဲ့အတွက် ဆီးရီးယားက အန္တရာယ်များတဲ့ အတိုင်းအတာနဲ့ ကြုံသွားရတာလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာက ဘက်က နှစ်ဖက်ပဲရှိတယ်။ စစ်အာဏာရှင်ဂိုဏ်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ဂိုဏ်း ဒီနှစ်ဖက်ပဲရှိပါတယ်။ ဒီတော့ နိုင်ငံတကာ အနေနဲ့ မြန်မာနိုင်ငံရေးကို စဥ်းစားရင် ဘယ်အုပ်စုဘက်က ရပ်မလဲဆိုတာကိုပဲ စဥ်းစားရင် ဆီးရီးယားအခြေအနေမျိုးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

အမျိုးသားညီညွတ်ရေးအစိုးရ

ဘီဘီစီ။ ။ အမျိုးသားညီညွတ်ရေးအစိုးရမှာ တိုင်းရင်းသားတချို့ပါဝင်တာရှိပါတယ်။ ဒါပေမဲ့ KNU၊ KIA တို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ SNLD၊ ANP အစရှိတဲ့ပါတီအသီးသီးက ခေါင်းဆောင်တွေ အပြည့်အဝ ပူးပေါင်းပါဝင်လာတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ပါမလာသေးတာက CRPH ရဲ့လုပ်ရည်ကိုင်ရည်အပေါ်မှာ ယုံကြည်စိတ်ချမှုမရှိသေးတဲ့အတွက် အပြည့်အဝ မပူးပေါင်းသေးတာဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်ပါသလား။

ဦးရည်မွန်။ ။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုမှာ ပုံစံနှစ်မျိုး စုဖွဲ့မှုနှစ်မျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ အခုဆရာပြောတာက NUG ဆိုတဲ့အမျိုးသားညီညွတ်ရေးအစိုးရ။ တဖက်မှာလည်း NUCC ဆိုတဲ့ စုဖွဲ့မှုရှိပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီပါ။ NUG နဲ့အတူအလုပ်လုပ်သွားမယ့် စုဖွဲ့မှုတခုပါ။ NUCC မှာတော့ အခုန ဆရာပြောတဲ့ အင်အားကြီး တိုင်းရင်းသားအဖွဲ့အစည်းကြီးတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ NUG မှာတော့ အခုချိန်အထိ ကိုယ်တိုင်ကိုယ်ကျ မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေရှိနေပါတယ်။ သို့သော် NUG ဆိုတာကလည်း တံခါးဖွင့်ထားတဲ့ အဖွဲ့အစည်းပါ။ အနှေးနဲ့အမြန် နောက်ထပ်ပူးပေါင်းပါဝင်လာကြဖို့ တံခါးဖွင့်ထားပါတယ်။


ဦးရည်မွန်။ ။ စောစောကပြောသလိုပဲ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကတော့ ပိုပြီးကျယ်ပြန့်တဲ့ အဖွဲ့အစည်းပါ။ အဲဒီအထဲမှာ သပိတ်ကော်မတီတွေလည်း ပါဝင်ကြပါတယ်။ ရန်ကုန်မြို့တွင်မကဘဲ မန္တလေးနဲ့ နယ်မြို့က သပိတ်ကော်မတီတွေ သပိတ်ခေါင်းဆောင်တွေ ဆွေးနွေးဖက်တွေအနေနဲ့ ပါဝင်ကြတာပါ။ NUG မှာတော့ တချို့သပိတ်ကခေါင်းဆောင်တွေ အထူးသဖြင့် လူငယ်ခေါင်းဆောင်တွေ မပါဝင်နိုင်ကြသေးတာတွေရှိပါတယ်။ လူငယ်ခေါင်းဆောင်တွေအနေနဲ့ မြေပြင်လှုပ်ရှားမှုမှာ ဆောင်ရွက်စရာတွေရှိနေသေးလို့ အစိုးရအဖွဲ့မှာ မပါဝင်နိုင်သေးဘူးဆိုတာတွေ ရှိပါတယ်။ တချိန်တည်းမှာပဲ အားလုံးဟာ NUCC ရဲ့ထီးရိပ်မှာ တိုင်တိုင်ပင်ပင်ညီညီညွတ်ညွတ်နဲ့ရှိနေတယ်လို့တော့ ပြောလို့ ရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56866392

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးနဲ့အင်တာဗျူး  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးနဲ့အင်တာဗျူး Reviewed by THITHTOOLWIN on 06:30 Rating: 5

No comments:

Powered by Blogger.