အကြမ်းဖက်မှု မရပ်ဘူးဆိုရင် စစ်အုပ်စုရဲ့ ဝင်ငွေလမ်းကြောင်း ပိတ်ဆို့မည်ဟု EU သတိပေး


(၉-၄-၂၀၂၁)

အာဏာသိမ်း စစ်အုပ်စုဖက်က အကြမ်းဖက်မှုတွေမရပ်ဘူးဆိုရင် စစ်တပ်အတွက် အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူသွားမှာ ဖြစ်တယ်လို့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ဒီနေ့ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အများပြည်သူက မဲပေးရွေးချယ်ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရလာဒ်ကိုသွေဖီပြီး ပျက်စီးခြင်းလမ်းကြောင်းကို ဦးတည်သွားနေပါတယ်။ ဒီမိုကရေစီကိုလေးစားဖို့ ပြည်သူတရပ်လုံးကတောင်းဆိုနေပေမယ့် စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေကိုသာ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။

“တရားလက်လွတ်သတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ အလောင်းဖျောက်မှုတွေဖြစ်ပေါ်နေပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေ၊ ဆေးဝန်ထမ်းတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ ဘေးကနေ ရပ်ကြည့်သူတွေပါဝင်နေပါတယ်။ ဒါတွေဟာ လုံး၀ လက်ခံနိုင်စရာမရှိပါဘူး” အီးယူ ကိုယ်စားလှယ်အဖွဲ့ရဲ့ တင်ပြချက် ပထမ ပိုင်းမှာ ဖေါ်ပြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြင်းထန်လွန်းတဲ့ အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့ စစ်အာဏာသိမ်းမှုကို အီးယူ က အပြင်းထန်ဆုံးရှုတ်ချပါတယ်။ နိုင်ငံတော် အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကိုချက်ခြင်းရပ်ဖို့၊ တရားဝင်မှုရှိတဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကိုဖေါ်ဆောင်ဖို့၊ ပါလီမန်ကိုခေါ်ယူပြီး မတရားဖမ်းဆီးမှုအမိန့်တွေကို ရုတ်သိမ်းဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ မြန်မာစစ်အုပ်စုအား အီးယူ က တောင်းဆိုပါတယ်လို့ ဒုတိယ ပိုဒ်မှာ ဖေါ်ပြပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ ဆေးဝန်ထမ်းတွေ၊ သတင်းထောက်တွေ၊ ဆန္ဒပြသူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်သတ်ဖြတ်နေတွေကို ရပ်တန့်ဖို့တောင်းဆိုပါတယ်။ အဲဒီလို အကြမ်းဖက်တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေအရ အရေးယူဖို့ အီးယူ က တိုက်တွန်းပါတယ်။

အင်တာနက်ဖြတ်တောက်မှု၊ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်မှု၊ လွတ်လပ်တဲ့ မီဒီယာ တွေကိုပိတ်ပင်ပြီး အများပြည်သူ သတင်းရခွင့်ကို တားဆီးမှု၊ စစ်တပ်ရဲ့အကြမ်းဖက်မှုကို ပြင်ပကမ္ဘာဆီမပြောနိုင်အောင် နှုတ်ပိတ်မှုတွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး။

ဆက်သွယ်ရေးချာနယ်တွေအားလုံးကို အပြည့်အ၀ ပြန်ဖွင့်ပေးဖို့ တောင်းဆိုပါတယ်။ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို ပြည်ဝင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ လူ့အခွင့်အရေးစုံစမ်းသူကို လာခွင့်ပေးဖို့ တောင်းဆိုပါတယ်။

အခုဖြစ်ပျက်နေတဲ့ အထိန်းအကွပ်မဲ့ အကြမ်းဖက်မှုတွေဟာ ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်တယ်လို့ ကျနော်တို့က အတိအလင်း သတိပေးချင်ပါတယ်။ သွေးချောင်းစီးမှုကို မတားဆီးနိုင်ဘူးဆိုရင် မြန်မာနိုင်ငံက ဝမ်းနည်းဖွယ်အခြေအနေဟာ ဒေသတခုလုံးကို ရိုက်ခတ်လာနိုင်ပါတယ်။ ဒါဟာ နိုင်ငံတခုတည်းရဲ့ ပြည်တွင်းရေးမဟုတ်ပါဘူး။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေမှုဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂအနေနဲ့ ဒါတွေကို အရေးယူဖို့ တာဝန်ရှိပါတယ်။ ဒေသတွင်းနိုင်ငံတွေက အရေးယူနိုင်ရင် အကောင်းဆုံးပါ။ အာဆီယံ က ထိပ်သီးအစည်းအဝေးခေါ်ပြီး အကြမ်းဖက်မှုတွေရပ်တန့်အောင်လုပ်ပြီး ဆွေးနွေးမှု တွေလုပ်နိုင်မယ်၊ ဒီမိုကရေစီစနစ်ဆီ ပြန်ဦးတည်မယ်ဆိုရင် ကျနော်တို့က ကြိုဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ တရားဥပဒေနဲ့ လူ့အခွင့်အရေးစိုးမိုးရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်၊ သတင်းလွတ်လပ်ခွင့်တွေရဖို့ ကျနော်တို့က ဆက်လက် ကူညီသွားမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တဦးချင်းအလိုက် အီးယူ က စီးပွားရေးဒဏ်ခတ်အရေးယူထားပြီးဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းကို အရေးယူတဲ့ ပိတ်ဆို့မှုတွေ ဒီလနှောင်းပိုင်းမှာ ထပ်မံဆောင်ရွက်ဖို့ အိးယူ က ပြင်ဆင်နေပါတယ်။

တချိန်တည်းမှာပဲ ဒီအရေးယူမှုတွေဟာ အပြစ်ရှိသူတွေကိုသာ ပစ်မှတ်ထား အရေးယူ တာဖြစ်ပြီး အပြစ်မဲ့ အများပြည်သူ ထိခိုက်မှုရှိအောင် စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

လူသားချင်းစာနာတဲ့အကူအညီ ယူရို ၃၉ သန်းကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခရောက်နေသူတွေကို ပေးအပ်ဖို့ အီးယူ ကပြင်ဆင်ထားပါတယ်။ ဒီအကူအညိတွေ တကယ်လိုအပ်နေတဲ့သူတွေဆီရောက်အောင် ဝိုင်းကူညီဖို့ စစ်ကောင်စီအပါဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို အီးယူ ကတောင်းဆိုပါတယ်။

ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်နေမှုတွေကို အီးယူ က ထောက်ခံပါတယ်။ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာပြည်သူတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်ပါတယ် လို့ ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ် သဘောဆွေးနွေးပွဲဆီ တင်ပြတဲ့ အီးယူ ကိုယ်စားလှယ်အဖွဲ့ရဲ့ တင်ပြချက်မှာ ဖေါ်ပြ ထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အကြမ်းဖက်မှု မရပ်ဘူးဆိုရင် စစ်အုပ်စုရဲ့ ဝင်ငွေလမ်းကြောင်း ပိတ်ဆို့မည်ဟု EU သတိပေး အကြမ်းဖက်မှု မရပ်ဘူးဆိုရင် စစ်အုပ်စုရဲ့ ဝင်ငွေလမ်းကြောင်း ပိတ်ဆို့မည်ဟု  EU သတိပေး Reviewed by THITHTOOLWIN on 07:26 Rating: 5

No comments:

Powered by Blogger.