စစ်တွေမှာ ရိုးရာသင်္ကြန်ရေလောင်းမဏ္ဍပ်တွေမချဖို့ဆုံးဖြတ်



မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြတဲ့ပြည်သူတွေ အကြမ်းဖက်ဖြိုခွင်းခံနေရလို့ နေ့စဉ်နဲ့အမျှ သေကြေထိခိုက်နေရတာ၊ ဖမ်းဆီးခံနေရတာတွေကို စာနာတဲ့အနေနဲ့ အခုကျရောက်မယ့် ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စစ်တွေမြို့မှာ ဖျက်သိမ်းလိုက်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေမရှိဘဲ တည်ငြိမ်အေးချမ်းနေတာ အချိန် ၆ လအထိရှိနေပြီးဖြစ်ပေမယ့် နိုင်ငံအနှံ့မှာ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့အခြေအနေတွေအပေါ် လူသားချင်း စာနာတဲ့အနေနဲ့ သင်္ကြန်ပွဲကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေကဘက်က တိုက်တွန်းထားတာလည်းရှိပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က ရခိုင်ရိုးရာပွဲတော် ထိန်းသိမ်းဖော်ထုတ်ရေးအဖွဲ့ဟာဆိုရင် ရိုးရာသင်္ကြန်နဲ့ ရိုးရာရထားဆွဲပွဲတွေကို နှစ်ပေါင်းများစွာ ဦးဆောင်ကျင်းပလာခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ရခိုင်ရိုးရာသင်္ကြန်ပွဲကို ကျင်းပမှာမဟုတ်တော့ဘူးလို့ ရခိုင်ရိုးရာပွဲတော် ထိန်းသိမ်းဖော် ထုတ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦး ဦးထွန်းဝင်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ အခုအချိန်ထိတော့ ရခိုင်ရိုးရာသင်္ကြန်ချဖို့ အစီအစဉ်တော့ မရှိသေး ဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်နဲ့ တခြားနေရာတွေမှာဖြစ်နေတာကို လူသားချင်း စာနာတဲ့အနေနဲ့ သင်္ကြန်ရာကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ကျွန်တော်ကတော့ ပြောလို့ပါတယ်”

စစ်တွေမြို့မှာ သင်္ကြန်အတွင်း ရခိုင်ရိုးရာအစဉ်အလာဖြစ်တဲ့ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ သက်ကြီးပူဇော် ပွဲတွေကိုသာ အစဉ်အလာမပျက် ကျင်းပသင့်ပြီး ရေလောင်းမဏ္ဍပ်ကြီးတွေ ဆောက်လုပ်ပျော်ပါးတာ၊ စင်မြင့် စတိတ်ရှိုးတွေ ပြုလုပ်သီဆိုကခုန်တာတွေ စတဲ့ လွန်လွန်ကြူးကြူး မပျော်ပါးကြဖို့ကိုလည်း စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်လည်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် နေရပ်မပြန်နိုင်သေးကြသလို တခြားပြည်မနဲ့ တိုင်းရင်းသား ဒေသတချို့မှာလည်း ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အတွက် လူသားချင်းစာနာတဲ့အနေနဲ့ သင်္ကြန်ပွဲကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီဝင် ဦးစိုးနိုင်က RFA ကို ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ မြန်မြန်မာပြည်ကြီးဟာ ငြိမ်းချမ်းသာယာတဲ့ အနေအထားမှာ မရှိဘူး။ ရခိုင်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ဟာလည်း ကိုယ့်နေရပ်ကို ပြန်မရောက်သေးဘူး။ အတိ ဒုက္ခရောက်နေတယ်။ ဒီလိုပါပဲ တခြားပြည်မတွေမှာလည်း တိုင်းရင်းသားပြည်သူတွေဟာ ဒုက္ခသည် ရောက်နေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လူသားချင်း ကိုယ်ချင်းစာတရားထားပြီးတော့ ဒီသင်္ကြန်ကို အလွန်အကြူးပျော်မြူးတဲ့ သင်္ကြန်တစ်ခုအဖြစ် မဖန်တီးဖို့အတွက် ကျွန်တော်တို့ စစ်တွေမြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီးတော့ အများပြည်သူကို မေတ္တာရပ်ခံတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်”

အဲဒီလိုပဲ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မျိုးဆက်အဖွဲ့ရဲ့ ဒါရိုက်တာ ကိုသန်းလှကလည်း ရခိုင်ရိုးရာသင်္ကြန်ပွဲကို ထိန်းထိန်းသိမ်းသိမ်းကျင်းပဖို့ကို တိုက်တွန်းပါတယ်။

“ရခိုင်ဒေသမှရှိတဲ့ အခြေအနေကတော့ ပျော်ပွဲရွှင်ပွဲတွေဖြစ်တဲ့ သင်္ကြန်ကိုကျလို့ရတယ် ဆိုပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံရဲ့အခင်းအကျင်းအရ တခြားနေရာတွေမှာ ပြဿနာတွေဖြစ်နေကြတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဒါကိုစာနာထောက်ထားပြီးတော့ ကျွန်တော်တို့ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါမှာ လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့အရေးကြီးတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ငါတို့တုန်းကတော့ အဲဒီလိုမျိုးဖြစ်ခဲ့တယ် မင်းတို့အလှည့်တော့ မင်းတို့ခံဦးဆိုတဲ့ အဲဒီလိုမျိုးစဉ်းစားတဲ့ပုံစံမျိုးကိုတော့ ကျွန်တော်တို့ လက်မခံဘူး”

ရခိုင်မြောက်ပိုင်းမှာ ပြင်းထန်တဲ့စစ်ရေးပဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကပင် ရိုးရာသင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ အခုလို တည်ငြိမ်အေးချမ်းနေတဲ့ကာလမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲမကျတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ စစ်တွေမြို့ခံ လူငယ် တစ်ဦးဖြစ်တဲ့ ကိုထက်စိုးကျော်က ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ သင်္ကြန်မှာသင်္ကြန်မကျတာလည်း ၂ နှစ်ရှိပြီလေ။ အဲဒီမှာ ကိုဗစ်တွေက တစ်မျိုး၊ ပြီးတော့ စစ်တွေပွဲတွေကလည်းဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေ ပွဲလမ်းသဘင်တွေဆို ဘာမှမကျ ရဘူး။ ဥပမာဗျာ သင်္ကြန်ပွဲလည်း မချရဘူး။ တန်ဆောင်တိုင်တို့၊ သီတင်းကျွတ်တို့ အဲဒီပွဲတွေလည်း ကျွန်တော်တို့ လူငယ်တွေအတွက် မရှိဘူး။ ဒီနှစ်လည်း ဟိုဘက်မှာဖြစ်နေတဲ့ဟာကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်မချဘူးဆိုတော့ နည်းနည်းစိတ်မကောင်းတော့ ဖြစ်မိတယ်ပေါ့။ လူတိုင်းကတော့ ပျော်ရွှင်မှုကို လိုချင်ကြတာပဲလေ။ ဆယ့်နှစ်လရာသီပွဲတွေက ဒီလိုလုပ်လေ့ရှိတာလေ ပွဲတော့ကျချင်တာပေါ့”

စစ်တွေမြို့မှာ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ရပ်ကွက်တစ်ခုချင်း၊ အသင်းအဖွဲ့တစ်ခုချင်း နံ့သာသွေးပြီး ဘုရားရေသပ္ပါယ်တာတွေကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဒါပေမဲ့ လှေကိုရေဖြည့်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အပြန်အလှန် စည်စည်ကားကား လောင်းပက်ရတဲ့ ရိုးရာရေလောင်းမဏ္ဍပ်ကိုတော့ အခုနှစ်မှာ တွေ့ရမှာမဟုတ်ဘူးလို့လည်း မြို့ခံတွေက ပြောကြပါတယ်။

RFA Burmese



စစ်တွေမှာ ရိုးရာသင်္ကြန်ရေလောင်းမဏ္ဍပ်တွေမချဖို့ဆုံးဖြတ် စစ်တွေမှာ ရိုးရာသင်္ကြန်ရေလောင်းမဏ္ဍပ်တွေမချဖို့ဆုံးဖြတ် Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.