CRPH ကို အပစ်ရပ်တိုင်းရင်းသား ဆယ်ဖွဲ့ ပံ့ပိုးမည်

CRPH ကို အပစ်ရပ်တိုင်းရင်းသား ဆယ်ဖွဲ့ ပံ့ပိုးမည် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ၂၀၂၁၊ ဧပြီ ၂၇ ရက်နေ့က Video Conferencing နဲ့ ကျင်းပစဉ် / Photo: CJ


၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်စပ်ညှိနှိုင်း ပံ့ပိုးသွားမယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့က ကြေညာလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က၂၀၂၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို အဖွဲ့လိုက်ရော၊ တစ်ဖွဲ့ချင်းအနေနဲ့ပါ ဆက်စပ်ညှိနှိုင်းပံ့ပိုးသွားမယ်လို့ ဧပြီလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အွန်လိုင်းဗီဒီယိုကတဆင့် ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်ကြာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ရဲ့ အစည်းအဝေးအပြီးမှာ အချက် ၇ ချက်ပါတဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာပါ။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြိုးပမ်းတည်ဆောက်ရေးအတွက် တိုးတက်မှုအဖြစ် ရှုမြင်ပြီး NUG ကို ကြိုဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းမှာဖြစ်သလို၊ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအပေါ် မူတည်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုစည်းနိုင်ရေးနဲ့ စုဖွဲ့မှုပုံစံသစ် ဖော်ဆောင်နိုင်အောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ဆွေးနွေးသွားမယ်လို့လည်း ပါရှိပါတယ်။

PPST ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူလူထုအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ဆန့်ကျင်ပြီး ပြည်သူလူထု လိုလားတောင့်တမှုနဲ့ တစ်သားတည်းဖြစ်တဲ့ PPST ရဲ့ ရပ်တည်ချက်ကို CRPH အနေနဲ့ ကြိုဆိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ခွန်အားတစ်ရပ် ဖြစ်ရကြောင်းလည်း CRPH က ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဆယ်ဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ( NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းထားမယ်လို့ ဒီအဖွဲ့တွေဘက်က ထုတ်ပြန်ထားသလို ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်တဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ အခုလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/ppst-meeting-04282021072629.html

CRPH ကို အပစ်ရပ်တိုင်းရင်းသား ဆယ်ဖွဲ့ ပံ့ပိုးမည် CRPH ကို အပစ်ရပ်တိုင်းရင်းသား ဆယ်ဖွဲ့ ပံ့ပိုးမည် Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.