နိုင်ငံတဝန်း ပြည်သူ့ဘက်သား တပ်ကြပ်တစ်ဦးအပါအဝင် နှစ်ဦးသေ၊ ၁၅ ဦးအဖမ်းခံရ



ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ မနေ့ညနေက စစ်တပ်ဘက်က အပစ်ရပ်ဖို့ ကမ်းလှမ်းပြီး ခေတ္တရပ်တန့်ခဲ့သလို၊ ဖမ်းခံထားရတဲ့ လူငယ် ခုနစ်ယောက်ကို ဧပြီ ၂၇ ရက် မနေ့ညပိုင်း စစ်ကောင်စီဘက်က ပြန်လွှတ်ပေးလိုက်ပါတယ်။

လူငယ်တွေက စစ်တပ်ချထားတဲ့ နေရာတွေကိုသွားတဲ့ လမ်းတွေကို ပိတ်ထားတဲ့အတွက် အဲဒီ လမ်းတွေကို ဖွင့်ပေးရင် သူတို့ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးမယ်လို့ ဆိုတဲ့အတွက် လူငယ်တွေက လမ်းတွေပြန်ဖွင့်ပေး လိုက်သလို၊ စစ်တပ်ကလဲ ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးတာလို့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

သူတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထောက်ခံကြောင်း ဧပြီ ၂၄ ရက်နေ့က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဆန္ဒပြနေတဲ့အချိန် အဖမ်းခံရတာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ မင်းတပ်ပြည်သူတွေက တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ပြန်လွှတ်မပေးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အဲဒီနေ့ည ၉ နာရီ လောက်စပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒေသခံတွေရဲ့ပြောဆိုချက်အရ ဒီတိုက်ပွဲကြောင့် ပြည်သူတွေဘက်က အထိအခိုက်တွေ ရှိသလို စစ်ကောင်စီ ဘက်ကလည်း အနည်းဆုံး ဆယ့်ငါးယောက်သေဆုံးခဲ့ပြီး ရဲကားနဲ့စစ်ကား တချို့လည်း မီးလောင်ခဲ့ပါတယ်။

အဲဒီ ချင်းပြည်နယ် တီးတိန်မြို့မှာတော့ မနေ့ည ၈နာရီနဲ့ ၉နာရီ ကြားမှာ မြို့မရပ်ကွက်နဲ့ စကောလမ်း ရပ်ကွက်အနီး နာရီစင်နားမှာ ပေါက်ကွဲသံ အကျယ်ကြီးကြားရသလို၊ လူငယ်တစ်ဦးကို စစ်တပ်ကပစ်လို့ သေဆုံးသွားပါတယ်။ သေဆုံးတဲ့သူဟာ အသက် ၂၀အရွယ် စကောလမ်းရပ် ကွက်မှာနေထိုင်တဲ့ မောင်ထန်မွန်လျန် ဖြစ်ပါတယ်။ ပေါက်ကွဲသံက ဗုံးပေါက်ကွဲမှုဖြစ်ပြီး၊ အဲဒီနောက်ပိုင်းမှာ ရဲတွေ၊ စစ်သား တွေက မြို့ထဲကို လုံခြုံရေးယူဖို့ ရောက်လာတဲ့အကြောင်းနဲ့ အခု အပစ်ခံရတဲ့သူက ဓာတ်ဆီဆိုင်မှာအိပ်ဖို့ ဆိုင်ကယ်နဲ့ သွားတဲ့အချိန် လမ်းမှာ အပစ်ခံရတာ ဖြစ်တဲ့အကြောင်း၊ အလောင်းကို မိသားစုက ပြန်မရသေး တဲ့အကြောင်း အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ အိန္ဒိယနယ်စပ်နဲ့အနီးဆုံး ကွန်းတောင်းကျေးရွာမှာ ဧပြီလ ၂၇ ရက် မနေ့ ညနေက တမူးပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်တပ်ကနေ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ တပ်ကြပ် အောင်အောင် သေနတ်ကျည်ထိမှန် သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တပ်ကြပ်အောင်အောင်က ခံပစ်ရင်း ကျဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့ခံ တစ်ယောက်က RFA ကိုပြောပါတယ်။

သူ့ အလောင်းကို စစ်သားတွေက မနေ့ညက ကောက်ယူသွားတယ်လို့ ပြောပါတယ်။

တပ်ကြပ်အောင်အောင်ဟာ တမူးမြို့ ကားကြီးဝင်းနားက တပ်ရင်းထဲမှာ နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားတစ်ယောက်ဖြစ်ပြီး ‌ပြီးခဲ့တဲ့ မတ်လကစလို့ အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတာလို့ မြို့ခံတွေက ပြောပါတယ်။

သူဟာ ဆန္ဒပြပွဲတွေမှာလည်း ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီရဲ့တပ်ဖွဲ့တွေကို ပြည်လည် ခုခံနေတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

တမူးလုံခြုံရေးအဖွဲ့ကို လူငယ်တွေ ဒေသခံတွေ စုပေါင်း ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီအထဲမှာ CDM လှုပ်ရှား မှုမှာ ပါဝင်လာတဲ့ စစ်ကောင်စီရဲ့ ရဲနဲ့ စစ်သားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

တမူးမြို့မှာ စစ်ကောင်စီတပ်တွေဟာ နေ့စဉ် နေ့ရောညပါ ကင်းလှည့်နေသလို အိန္ဒိယနယ်စပ် တစ်လျှောက် မှာလည်း တပ်စွဲထားတာတွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာဆိုရင် မုံရွာတောင်၊ အေးကိုနဲ့ ပိတောက်ကုန်းဆိုတဲ့ ရပ်ကွက် သုံးခုမှာ ပြည်သူ ကိုးယောက်ကို မနေ့ညက စစ်ကောင်စီတပ်တွေက ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ကို မြေအောက်ဆက်သွယ်ရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားလို့ မုံရွာဒေသခံ တစ်ယောက်က RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီရပ်ကွက်တွေအနားမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုတွေ ရှိခဲ့တာရှိပြီး အဲဒီ ပေါက်ကွဲမှု တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုအဖမ်းခံရတာလို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း သူတို့ ကိုးယောက်နဲ့ တစ်ဆက်တည်း ဒေါနခြံရပ်ကွက်က ပြည်သူတစ်ယောက်ကို ထပ်မံဖမ်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြည်သူတွေရဲ့ ပြောက်ကျားသပိတ်တွေ နေ့စဉ်ရှိနေပြီး စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် နေကြဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာမှာလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမျိုးသမီး တစ်ယောက်ကို ဒီနေ့ မနက်အစော ၅ နာရီလောက် စစ်ကောင်စီတပ်တွေက လာဖမ်းသွားပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာကြောင့် လာဖမ်းသွားလဲဆိုတဲ့ အကြောင်းပြချက်ကို သေချာ မသိရသေးပေမယ့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

အရင်ရက်ကလည်း ခရမ်းခြံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနေအိမ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက် ရှာဖွေပြီး အုပ်ချုပ်ရေးမှူးကို မတွေ့တာကြောင့် တယ်လီဖုန်းနဲ့ အခြားပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပဲခူးတိုင်း သာယာဝတီမြို့နယ် ရွာကြီးကုန်းရပ်ကွက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို ဧပြီလ ၂၇ ရက် မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ်တွေ လာဖမ်းခဲ့ပေမယ့် မမိခဲ့ဘဲ သတင်းလှမ်းပေးသူကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ထဲက ကိုလှိုင်ကြီးဆိုသူရဲ့နေအိမ်ကို စစ်ကောင်စီ တပ်တွေ ဝင်ရောက် ချိန်မှာ ကိုလှိုင်ကြီးက ထွက်ပြေးသွားပြီး လာဖမ်းမယ့်ကြောင်း လှမ်းသတင်းပေးတဲ့ ကိုကုလားပု ဆိုတဲ့ လူငယ်ကို ဖမ်းသွားတာလို့ လုံခြုံရေးအရ အမည်မဖော်သူ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

ကိုလှိုင်ကြီးကို ဖမ်းမမိတာကြောင့် သူ့ရဲ့နေအိမ်က ဆိုင်ကယ်နှစ်စီးကို လူနဲ့လာရွေးဖို့ဆိုပြီး ယူသွားတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့က ကောင်းစံ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းက ဓာတ်မှန်ဆရာမနဲ့ နောက်ထပ် ဝန်ထမ်း စိုင်းစိုင်းမောင်တို့နှစ်ယောက်ကို ဧပြီလ ၂၇ ရက် မနေ့ညနေပိုင်း စစ်ကောင်စီရဲ့ တပ်က အရပ်ဝတ်တွေနဲ့ရောက်လာပြီး ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့ည ၁၁ နာရီလောက်မှာတော့ ဓာတ်မှန်ဆရာမကို ပြန်လွှတ်ပေးခဲ့ပေမယ့်၊ ဒီနေ့မှာတော့ စိုင်းစိုင်းမောင်ကို အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတဲ့ သတင်း ကြားရကြောင်း လိုက်ပါအကူအညီပေးနေသူ တစ်ယောက်က RFA ကိုပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နဲ့ ကြာကြီးကွင်းကျေးရွာကြားက တဝက်ချောင်းတံတားနဲ့ မြစ်ကြီးနား - မန္တလေးကားလမ်းမပေါ်က ရေကျော်တံတားတို့ မနေ့ ည ၁၁ နာခွဲလောက်မှာ မိုင်းခွဲခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဟိုပင်မြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။

မိုင်းခွဲခံရတာကြောင့် ရထားသံလမ်းက ဇလီဖာတုံးတချို့ မီးလောင်ပြီး အောက်ခံ တံတားဖောင်ဒေးရှင်း အုတ်ခံတွေ ပွင့်ထွက်သွားသလို ဘေးသံဘောင်တွေ ပြုတ်ထွက်သွားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတံတားတွေဟာ မြစ်ကြီးနားနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ မီးရထားလမ်းက တံတားတွေဖြစ်ပါတယ်။

အခုလို တံတားနှစ်စင်း မိုင်းခွဲခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့လက်ချက်လည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရန်ကုန်မြို့မှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် အပါအဝင် မြို့နယ်အချို့မှာ ပြောက်ကျား ဆန္ဒပြတာတွေ ဆက်လက်လုပ်ဆောင်နေကြသလို မန္တလေးမြို့မှာလည်း သပိတ်စစ်ကြောင်း တွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ စတဲ့ နေရာတွေ အပါအဝင် မြို့နယ်အများအပြား မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြ သပိတ်စစ်ကြောင်း တွေရှိနေကြပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ ဒီကနေ့ ဧပြီ ၂၈ ရက်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာတွေရှိပေမယ့် ပစ်ခတ်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၅၀ ကျော်နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဒီနေ့အအချိန်ထိ အဖမ်းခံထားရတဲ့သူ သုံးထောင့်လေးရာကျော်နေပြီး ဖမ်းဝရမ်း အထုတ်ခံထားရသူ တစ်ထောင့်နှစ်ရာ ရှိနေပြီဖြစ်ပါတယ်။

RFA Burmese



နိုင်ငံတဝန်း ပြည်သူ့ဘက်သား တပ်ကြပ်တစ်ဦးအပါအဝင် နှစ်ဦးသေ၊ ၁၅ ဦးအဖမ်းခံရ နိုင်ငံတဝန်း ပြည်သူ့ဘက်သား တပ်ကြပ်တစ်ဦးအပါအဝင် နှစ်ဦးသေ၊ ၁၅ ဦးအဖမ်းခံရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.