မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မတရားအသင်းဆက်နွှယ်မှုအပါအဝင် ပုဒ်မများစွာနဲ့ အရေးယူမယ်လို့ ကြေညာ


မုံရွာမြို့မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြနေစဥ် ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့မှာ ကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို သူ့ရဲ့ ထွက်ဆိုချက်တွေအရ မတရားအသင်း ဆက်နွှယ်မှု အပါအဝင် ရာဇဝတ်မှု ပုဒ်မတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီမီဒီယာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ထွက်ဆိုချက်တွေအရရာဇသတ်ကြီးပုဒ်မ၁၇-၁၊၁၂၄၊၅၁၁တို့နဲ့ထိရောက်စွာဆက်လက်အရေးယူနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပြီး သူနဲ့အတူ “ဆူပူအကြမ်းဖက်မှုများပါဝင်တဲ့ဆက်စပ်တရားခံ၂၃ဦး” ကိုလည်းအရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း ဆန့်ကျင်မှုကို နေ့စဥ် တက်တက်ကြွကြွ ဦးဆောင် ဆန္ဒပြခဲ့တဲ့ ကိုဝေမိုးနိုင်ကို ဖေဖော်ဝါရီနဲ့ မတ်လ တို့မှာ မုံရွာ မြို့မ ရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ၂၅အပါအဝင်ရာဇသတ်ကြီးပုဒ်မ၁၁၄၊၃၀၂၊၃၂၅၊၃၄၂၊၃၉၅၊၅၀၅-ကတို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။

အဲဒီ သတင်းအရ သူ့ကို စုစုပေါင်း ပုဒ်မ ၁၀ ခုနဲ့ တရားစွဲဆိုထားတာကို သိရပါတယ်။

သူဟာ မတရားအသင်းကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ဆက်သွယ်တာ၊မုံရွာမြို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်တာ၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်မှုနဲ့ ဆက်နွှယ်နေတာ တွေကိုလည်း လုပ်ခဲ့တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

သူဟာဖမ်းဝရမ်းထုတ်ထားတဲ့ဦးလွင်ကိုလတ်၊ဒေါ်ဇင်မာအောင်တို့ရဲ့ညွှန်ကြားချက်အရမုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဦးဆောင်ဖွဲ့စည်းပေးခဲ့တယ်၊လုံခြုံရေးတပ်ဖွဲ့ကိုတိုက်ဖို့မတ်လ၄ရက်မှာDefense team ကို အဖွဲ့ဝင် ၁၅၀ နဲ့ ဖွဲ့စည်းတာတွေကို လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်ဆူပူ ဆန္ဒပြတာ၊ စီဒီအမ်လုပ်ဖို့ အကြပ်ကိုင်တာ၊ social punishment အကြိမ်ကြိမ်လုပ်တာ၊မုံရွာလူထုသပိတ်တိုက်ပွဲဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ အလှူငွေကောက်ခံပြီးအလှူငွေကျပ်သိန်း ၃၁၀ ကိုရခဲ့ရာက အဲဒီငွေတွေနဲ့ အသံမိုင်း၊လက်လုပ်ဗုံး၊ဂက်စ်သေနတ်လို လက်နက် ကိရိယာတွေ ဝယ်တာ၊တိုက်ခိုက်ရေးသင်ကြားမှု၊ လူ ၄၅ ဦးကို KIA ၊ KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို စေလွှတ်ခဲ့တာ၊ မုံရွာမြို့ထဲမှာ လက်လုပ်ဗုံးနဲ့ ပစ်ခတ်မှုတွေနဲ့ ဆက်နွှယ်နေတာ စတဲ့ “တည်ဆဲအစိုးရအပေါ်ပုန်ကန်ထကြွနိုင်စေရေးပါဝင်ဆောင်ရွက်ခဲ့တယ်” လို့ အဲဒီသတင်းမှာ စွပ်စွဲဖော်ပြထားတာ တွေ့ရပါတယ်။

အမှုပေါင်းများစွာနဲ့ အရေးယူမယ်လို့ ကြေညာခံရတဲ့ ကိုဝေမိုးနိုင် စတင် ဖမ်းဆီးခံရချိန်ကပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရတယ်လို့မျက်မြင်တွေ့သူတွေကပြောကြားပြီးအဖမ်းပြီးနောက်တစ်ရက်မှာဖူးယောင်ဒဏ်ရာတွေနဲ့ကိုဝေမိုးနိုင်ရဲ့ဓာတ်ပုံတစ်ပုံလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မတရားအသင်းဆက်နွှယ်မှုအပါအဝင် ပုဒ်မများစွာနဲ့ အရေးယူမယ်လို့ ကြေညာ  မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မတရားအသင်းဆက်နွှယ်မှုအပါအဝင် ပုဒ်မများစွာနဲ့ အရေးယူမယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.