ချင်းပြည်နယ်လုံခြုံရေးအတွက် ခုခံကာကွယ်ရေးအဖွဲ့ပေါ်ပေါက်လာ



အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းနယ်မြေက ပြည်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင် နေမယ်ဆိုရင် နည်းမျိူးစုံ နဲ့ ခုခံတိုက်ခိုက်သွားမယ်လို့ ချင်းနယ်မြေခုခံကာကွယ်ရေးအဖွဲ့ Chinland Defense Force (CDF) အဖွဲက မနေ့က ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူကိုအကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေ ဆက်လုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ ခုခံတိုက်ခိုက်သွားမယ်လို့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းနယ်မြေ ခုခံကာကွယ်ရေးအဖွဲ့ (CDF) က မနေ့က ကြေညာခဲ့တာပါ။

Chinland Defense Force လို့ခေါ်တဲ့ ချင်းနယ်မြေခုခံကာကွယ်ရေးအဖွဲ့ကို ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ် နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းအမျိုးသားတွေ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က စတင်ဖွဲ့စည်း ထားတဲ့အဖွဲ့တစ်ခု ဖြစ်ပါ တယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ခုခံသွားမယ်ဆိုတာကို အခုလောလောဆယ် ထုတ်ဖော်ပြောလို့မရနိုင်ပေမယ့် စစ်ကောင်စီတပ်တွေ ထိခိုက်တဲ့အခြေအနေမျိုးထိရောက်အောင် ခုခံတိုက်ခိုက်သွားမယ်လို့ အမည်မဖော်လိုတဲ့ (CDF) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဘယ်လိုဗျူဟာနဲ့ တိုက်သွားမယ်ဆိုတဲ့ဟာကိုတော့ ပြောပြလို့ မရသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်လိုက်ပြီဆိုရင်တော့ ဟိုဘက်ကလည်း အနာအဆာရှိအောင်တော့ ကျွန်တော်တို့လုပ်သွားဖို့ အစီအစဉ် ရှိတယ်ပေါ့နော်။ ခြိမ်းခြောက်မှုတွေ၊ အသက်အန္တရာယ်ပေးတာတွေ ရပ်တန်းက မရပ်ဘူးဆိုရင် ကျွန်တော်တို့ CDF အနေနဲ့ ရရာ လက်နက်နဲ့ဖြစ်ဖြစ်၊ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ ချေမှုန်းသွားမှာဖြစ်တယ်။ ရရာလက်နက်တွေထဲမှာ ပါမယ့်လက်နက်တွေကတော့ တူမီးသေနတ်တွေလည်း ပါမယ်ပေါ့နော်။ လူတွေကိုသေစေနိုင်တဲ့ အခြား လက်နက်တွေလည်း ပါမယ်ပေါ့နော်။ အကြမ်းဖက်စစ်သားတွေကို အသက်အန္တရာယ်ပေးနိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်သွားမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုရရှိရေး စတာတွေဟာ CDF ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ သူကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ၊ နှောင့်ယှက်ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေ လုပ်နေလို့ သူတို့ရဲ့ရန်ကနေ ကာကွယ်ဖို့အတွက် ချင်းနယ်မြေခုခံ ကာကွယ်ရေးအဖွဲ့ (CDF) ကို ဖွဲ့စည်းခဲ့တာ လို့ သူတို့ရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ CDF အဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်မှာ မဟုတ်ဘဲ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ အောက်ကနေ ဒေသလုံခြုံရေးအတွက် ခုခံကာကွယ်မယ့်အဖွဲ့အဖြစ် ရပ်တည်သွား မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက CDF အဖွဲ့နဲ့ ပူးပေါင်းပါဝင်လာတဲ့ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက

"ရေရှည်မှာတော့ တခြားမြို့နယ်တွေကလည်း CDM လုပ်သူတွေကို ကာကွယ်ဖို့၊ ကိုယ့်ပြည်သူလူထုကို ကာကွယ်ဖို့ တိုက်ပွဲတွေ ဝင်ပါလိမ့်မယ်။ ပြည်သူလူထုအတွက်ကတော့ ကျီးလန့်စာစားဘဝ ရောက်သွားမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ထင်တယ် လူထုကိုယ်တိုင် တိုက်တဲ့တိုက်ပွဲမှာ လူထုက စိုးရိမ်ရတယ်ဆိုတာရှိပေမယ့် ကြောက်ရတယ်ဆိုပေမယ့် အကြမ်းဖက်စစ်အာဏာရှင်ကျဆုံးစေရမယ်။ ကာလကြာရှည်တာတွေ ရှိကောင်းရှိနိုင်မယ်။ စီးပွားရေးထိခိုက်တာတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာ အချိန်က အဖြေပေးသွားပါလိမ့်မယ်။"

ဒီလိုမျိုး ချင်းအပါအဝင် တစ်နိုင်ငံလုံးမှာ အမျိုးသားလုံခြုံရေးတပ်တွေဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို ပြောက်ကျားနည်းနဲ့ ကိုယ့်ဒေသကို ကာကွယ်ဖို့ဖြစ်နိုင်တယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာဘာသာရပ် လေ့လာသူ ကိုကျော်စောဟန်က သုံးသပ်ပါတယ်။

"ရည်ရွယ်ချက်အသီးသီးနဲ့ ထောင်ကြတဲ့ ဒီအဖွဲ့တွေဟာ ထိပ်တိုက်တွေ့ပြီး စစ်တိုက်ကြဖို့ ဖွဲ့တယ်လို့တော့ မထင်ဘူးပေါ့နော်။ သူတို့ရဲ့မဟာဗျူဟာကို တိတိကျကျ ပြောမထားပေမယ့် အကြမ်းဖျဥ်း ယူဆလို့ ရတာကတော့ ဒေသ ကာကွယ်ရေးလုပ်မယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း တပ်မတော်ရဲ့နေရာတွေပေါ့နော်၊ အစိုးရပိုင်နေရာတွေကို တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်။ ဥပမာ ရဲစခန်းဟာလိုမျိုးတွေကို ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်မယ်လို့ ယူဆရပါတယ်။ ရေတိုမှာ ပြောရမယ်ဆိုရင်တော့ ဒီလူငယ်တွေ ဦးဆောင်ပြီး သွားမယ့် ကာကွယ်ရေးအဖွဲ့တွေမှာ တိုက်ပွဲတွေ အင်အားကြီးသူနဲ့ ငယ်သူ တိုက်ရမှာဖြစ်တဲ့အတွက် ပြောက်ကျားစနစ်နဲ့ပဲ ဟိုနားမှာ ဖောက်ခွဲတယ်၊ ဒီနားမှာ တိုက်တယ်ဆိုတာမျိုးတွေကို ကျွန်တော်တို့ မတည်မငြိမ် ဖြစ်မှုမျိုးတွေ ဆက်တွေ့သွားရမယ့် အခြေအနေမှာ ရှိပါတယ်။"

CDF အဖွဲ့ရဲ့လုပ်ရပ်တွေကိုအကြောင်းပြုပြီး စစ်တပ်နဲ့ ရဲက ပိုနှိမ်နင်းတာတွေ လုပ်လာနိုင်တယ်ဆိုပြီး အချို့က သုံးသပ်ကြပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ ဒီကိစ္စအတွက် စိုးရိမ်ပူပန်နေတာမျိုး မရှိဘူးလို့ အမည်မဖော်လိုတဲ့ ပြည်သူ တစ်ယောက်က ပြောပါတယ်။

ထန်တလန်မြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ချင်းနယ်မြေ ခုခံကာကွယ်ရေး အဖွဲ့ (CDF) ရဲ့ မနေ့က ထုတ်ပြန်ကြေညာချက်ကို စစ်ကောင်စီက ဂရုစိုက်မှာမဟုတ်ဘူးလို့ယူဆကြောင်း ပြောပါတယ်။

"သဘောထားထုတ်ပြန်ချက်ကို တပ်မတော်က ဂရုလည်းစိုက်မှာ မဟုတ်ဘူး။ ထူးထူးခြားခြား စိုးရိမ်စရာ မလိုပါဘူး။ (တပ်က) ကြမ်းလာမှာလည်း မဟုတ်ဘူး။ အခု သဘောထားထုတ်ပြန်ချက်ကိုမပြောနဲ့ အာဆီယံ သဘောထားထုတ်ပြန်ချက်ကိုတောင်မှ သူတို့ လိုက်နာချင်မှလိုက်နာမှာ။ ဒါကသူတို့ရဲ့သဘော။ ဒီလိုပဲ ကျွန်တော်တို့ယူတယ်။"

ဒီ CDF အဖွဲ့ရဲ့လုပ်ငန်းတွေဟာ လက်နက်ကိုင်အဖွဲ့တစ်ခုလိုမဟုတ်တာကြောင့် စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေး ပြီးတဲ့အထိသာ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း CDF အဖွဲ့ကပြောပါတယ်။

RFA Burmese



ချင်းပြည်နယ်လုံခြုံရေးအတွက် ခုခံကာကွယ်ရေးအဖွဲ့ပေါ်ပေါက်လာ ချင်းပြည်နယ်လုံခြုံရေးအတွက် ခုခံကာကွယ်ရေးအဖွဲ့ပေါ်ပေါက်လာ Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.