CDM နိုင်ငံခြားသံဝန်ထမ်းနဲ့မိသားစုဝင် ၁၈ဦးရဲ့ နိုင်ငံကူးစာအုပ်များဖျက်သိမ်းခံရ

CDM အကြမ်းဖက်မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကြတဲ့ ပြည်ပမြန်မာသံရုံးက သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၈ ဦးရဲ့ သံတမန်နိုင်ငံကူး စာအုပ်တွေကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကို တာဝန်ကနေ ယာယီဆိုင်းငံကြောင်း အကြောင်းကြားစာကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်က လက်ခံရရှိခဲ့တယ်လို့ အဲဒီစာရင်းမှာပါဝင်တဲ့ သံတမန်တဦးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာပြည်ကို ပြန်လာလိုရင် နိုင်ငံကူးစာအုပ်နဲ့မဟုတ်ပဲ COI လို့ ခေါ်တဲ့ ခရီးသွားအထောက်အထားနဲ့ ပြန်လာခွင့်ရှိတယ်လို့ အကြောင်းကြားပေမယ့်၊ သူတို့အနေနဲ့ နိုင်ငံကို ပြန်သွားမှာမဟုတ်သလို စစ်ကောင်စီနဲ့မပူးပေါင်းဘူးဆိုတဲ့ CDM လှုပ်ရှားမှုဆက်လုပ်သွားမယ်လို့ အဲဒီ သံဝန်ထမ်းက ဗွီအိုအေကို ပြောပါတယ်။

အခုလို နိုင်ငံကူးစာအုပ်တွေ ဖျက်သိမ်းခံရတဲ့အတွက် ခရီးသွားလာမှုလုပ်နိုင်မှာမဟုတ်ပေမယ့်၊ ဆိုင်ရာနိုင်ငံက ထုတ်ပေးထားတဲ့ သံတမန် ID တွေ ဆက်လက်ကိုင်ထားမယ်လို့လည်း ပြောပါတယ်။

အခု ၁၈ ဦးစာရင်းထဲမှာ အမေရိကန်ဝါရှင်တန်ဒီစီက သံဝန်ထမ်းတွေ၊ ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့က သံဝန်ထမ်းတွေနဲ့ အစ္စရေးနိုင်ငံ Tel Aviv က သံဝန်ထမ်းတို့ ပါဝင်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်၊ အစိုးရဝန်ထမ်းတွေအတော်များများက စစ်ကောင်စီနဲ့ မပူးပေါင်းရေး Civil Disobedience Movement (CDM) လှုပ်ရှားမှုလုပ်ခဲ့ကြရာမှာပါ နိုင်ငံတကာရောက်သံဝန်ထမ်းတချို့လည်း ပါဝင်ခဲ့တာပါ။

အထင်ရှားဆုံးဖြစ်ရပ်ကတော့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာပဲ သူ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုပါဘူးဆိုပြီး ငြင်းဆန်ပြောလိုက်တဲ့ဖြစ်ရပ်ပါ။

အဲဒီနောက် နိုင်ငံတကာသံရုံးအသီးသီးမှာ သံဝန်ထမ်းတွေ CDM လုပ်ကြဖို့၊ သက်ဆိုင်ရာနိုင်ငံတွေက ဒီမိုကရေစီရေးလှုပ်ရှားသူ မြန်မာဆန္ဒပြသူတွေ တောင်းဆိုခဲ့ကြပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/cdm-burmese-diplomat-serving-in-embassy-revoked-by-military-council/5866882.html

CDM နိုင်ငံခြားသံဝန်ထမ်းနဲ့မိသားစုဝင် ၁၈ဦးရဲ့ နိုင်ငံကူးစာအုပ်များဖျက်သိမ်းခံရ CDM နိုင်ငံခြားသံဝန်ထမ်းနဲ့မိသားစုဝင် ၁၈ဦးရဲ့ နိုင်ငံကူးစာအုပ်များဖျက်သိမ်းခံရ Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.