ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုလိုက်ရှေ့နေတွေ လူချင်းတွေ့ခွင့်မရသေး



ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲချက် ပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီက တရားစွဲဆို ဖမ်းဆီးထားတာ သုံးလနီးပါးကြာတဲ့အထိ အမှုသည်နဲ့ အမှုလိုက်ရှေ့နေတွေ လူချင်း တွေ့ခွင့်မရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

အမှုသည်တွေနဲ့ တွေ့ခွင့်မပေးတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၆ ရက်နေ့ ဒီနေ့ရုံးချိန်းမှာ ကန့်ကွက်ပြောဆိုခဲ့တယ်လို့ အမှုလိုက်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတွေကတည်းက လူချင်းတွေ့ခွင့်ရဖို့ တရားသူကြီးကနေ တဆင့် ရဲတပ်ဖွဲ့ကို တောင်းဆို ခဲ့ပေမယ့် ဒီနေ့ထိ ရဲတပ်ဖွဲ့က တွေ့ဆုံခွင့်မပေးသေးတာလို့ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာလည်း ဒီကိစ္စကို ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်နေမှု ဘယ်အဆင့်ရောက်နေပြီလဲလို့ တရားသူကြီးက မေးမြန်းခဲ့ရာမှာတော့ အထက်အဆင့်ဆင့်ကို တင်ပြထားတယ်လို့သာ ရဲအရာရှိကထပ်မံ ဖြေဆိုခဲ့တယ်လို့ ဆိုပါတယ်။

စွပ်စွဲထားတဲ့ အမှုတွေကို ပြန်လည်ချေပဖို့ အမှုသည်နဲ့ ရှေ့နေတွေ လူချင်း တွေ့ခွင့်ရရေးဟာ အလွန် အရေးကြီးတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ လတ်တလော ရုံးထုတ်တွေမှာ အွန်လိုင်းကနေ တဆင့်တွေ့ဆုံရတာဖြစ်ပြီး အမှုသည်နဲ့ ရှေ့နေ နှစ်ဘက်စလုံးရဲ့ ဘေးမှာ ရဲအစောင့်အကြပ်တွေ ရှိနေတာမို့ လွတ်လွတ်လပ်လပ် ပြောဆိုလို့မရဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ … လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက် စကားပြော စက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင်ကြံရွယ်မှု၊ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ တို့နဲ့ အမှုပေါင်း ၆ မှု စွဲထားတာ ဖြစ်ပါတယ်။

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာ ထောင်ဒဏ်ဆယ့်လေးနှစ်ထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင် တို့ကို အွန်လိုင်း Video Conferencing စနစ်နဲ့ ကြားနာခဲ့တာဖြစ် ပါတယ်။

လာမယ့် မေလ ၁၀ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။

RFA Burmese



ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုလိုက်ရှေ့နေတွေ လူချင်းတွေ့ခွင့်မရသေး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုလိုက်ရှေ့နေတွေ လူချင်းတွေ့ခွင့်မရသေး Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.