မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်နေမှုအကြောင်း ကုလ အိုချာအဖွဲ့ အစီရင်ခံစာထုတ်

CDM မှာပါတယ်လို့ ယူဆတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ခြိမ်းခြောက်၊ ဖမ်းဆီး၊ ထိန်းသိမ်းတာမျိုးတွေ ရှိနေတယ်လို့ ကုလအိုချာရဲ့ အစီရင်ခံစာမှာ ဖော်ပြထား

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်းတွေ၊ အဆောက်အအုံတွေနဲ့ အရေးပေါ် လူနာတင်ယာဉ်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့မှု ဖြစ်ရပ်တွေ အကြောင်း လေ့လာတွေ့ရှိချက်တစ်ခုကို ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ စမ်းချောင်းရပ်ကွက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စတင် ပစ်ခတ်ခဲ့ရာမှာ ဆန္ဒပြသူတွေ အာရှတော်ဝင်ဆေးရုံထဲ ဝင်ပြေးပုန်းခဲ့ကြကြောင်း၊ ရဲနဲ့ စစ်သားတွေက ဆေးရုံထဲအထိ လိုက်ဖမ်းခဲ့ကြပြီး ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆေးရုံထဲမှာ ရှိနေတဲ့ ဆေးရုံဝန်ထမ်း အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားအပြီး နာရီဝက်လောက် ဆေးရုံ မြေညီထပ်နဲ့ ဆေးရုံတဝိုက်ကို စီးနင်း တပ်စွဲထားခဲ့ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေဟာ နှလုံးရောဂါ ဝေဒနာ ခံစားနေရသူတွေကို ကုသပေးနေတဲ့ ပြင်ပလူနာဆောင်နားမှာ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မတ်လ ၇ ရက်နေ့တုန်းကလည်း နိုင်ငံတဝန်းက ဆေးရုံ ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက် တပ်စွဲခဲ့ရာမှာ ဝင်ရောက် စီးနင်းစဉ်အတွင်း စစ်တပ်က ကျည်ဆန်အစစ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ရော်ဘာကျည်တွေကို သုံးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းတွေ ပိတ်မိနေတဲ့ ဆေးရုံတွေထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်၊ ဝန်ထမ်းတွေကို ရိုက်နှက်၊ လူနာခန်းတွေထဲ ဝင်ရောက် ရှာဖွေတာမျိုးတွေ လုပ်ခဲ့ကြောင်းနဲ့ တချို့နေရာတွေမှာ CCTV စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ဖျောက်ဖျက်ပစ်တာမျိုး၊ ဆေးဝါးအထောက်အပံ့တွေကို ဖျက်ဆီးပစ်တာမျိုးတွေ ရှိခဲ့ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေကို ဆေးကုသပေးတဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်း ဌာနတွေရဲ့ ဆေးပစ္စည်း သိုလှောင်ခန်းတွေကို စီးနင်းရှာဖွေတာမျိုးတွေ ရှိခဲ့ပြီး ဒဏ်ရာရထားတဲ့ အရပ်သားတွေကို နိုင်ငံတဝန်းက ပုဂ္ဂလိက ဆေးခန်းနဲ့ ဆေးရုံတွေမှာ စစ်တပ်ကို အကြောင်းမကြားဘဲ ဆေးကုပေးတာမျိုး မလုပ်ကြဖို့ တရားဝင် ညွှန်ကြားစာ ထုတ်ပြန်ထားတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

CDM မှာပါတယ်လို့ ယူဆတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ခြိမ်းခြောက်တာမျိုးတွေ၊ ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေ၊ ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းတာမျိုးတွေ ရှိနေပြီး ဧပြီလ ၉ ရက်နေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အာဏာသိမ်းစစ်ကောင်စီက CDM မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးရဲ့ လုပ်ရပ်ကို genocide လူမျိုးတုံး သတ်ဖြတ်မှု အဖြစ် ယူဆနိုင်တယ်လို့ ထုတ်ဖော်ကြေညာသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ထိခိုက်ဒဏ်ရာရထားသူ၊ နာမကျန်းဖြစ်နေသူတွေကို အကာအကွယ်ပေးရေး၊ ဆေးကုသခံဖို့ လိုအပ်နေသူ ဘယ်သူ့ကိုမဆို ကျင့်ဝတ်တာဝန်နဲ့အညီ ကျန်းမာရေး ဝန်ထမ်းတွေက ဆေးကုသပေးနိုင်ခွင့်ရှိရေး စတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေပါ အချက်တွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအနေနဲ့ လိုက်နာဖို့ လိုတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က တိုက်တွန်းလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်နေမှုအကြောင်း ကုလ အိုချာအဖွဲ့ အစီရင်ခံစာထုတ် မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်နေမှုအကြောင်း ကုလ အိုချာအဖွဲ့ အစီရင်ခံစာထုတ် Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.