သွေးထွက်လွန်တာကြောင့် သေဆုံးမှုအများဆုံးဖြစ်ပေါ်နေ

ဧပြီလ ၁ ရက်နေ့က ဒဏ်ရာရလူနာတစ်ဦးကို သယ်ယူလာစဥ်

မြန်မာနိုင်ငံအနှံ့အပြားက ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နင်းတဲ့အခါ ဒဏ်ရာရသူတွေဟာ ဆေးရုံကို အချိန်မီမရောက်နိုင်ကြတာကများပါတယ်။ သူနာပြုကားတွေကလည်း အချိန်မီရောက်လာဖို့ ခက်ခဲပါတယ်။

ဆေးရုံကိုသွားဖို့ပဲဖြစ်ဖြစ်၊ သူနာပြုကားတွေလာဖို့ပဲဖြစ်ဖြစ် ကားနဲ့သွားလာရတာဟာလည်း အတားအဆီးအပိတ်အဆို့တွေကြောင့်ရော၊ စစ်တပ်နဲ့ရဲအဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့်ပါ အချိန်ပိုပြီး ကြန့်ကြာကြပါတယ်။ အဲသလို အချိန်ကြန့်ကြာတဲ့အတွက် လူနာအများအပြားဟာ မသေဆုံးသင့်ဘဲ သေဆုံးကြရတာကို တွေ့နေရတယ်လို့ ရန်ကုန်မြို့ပေါ်မှာ အရေးပေါ်လူနာတွေကိုကားနဲ့လိုက်လံကုသပေးနေတဲ့ ဆေးအဖွဲ့တစ်ဖွဲ့က ဘီဘီစီကိုပြောပါတယ်။

မသေဆုံးသင့်တဲ့လူနာတွေကို ကယ်ဆယ်နိုင်ဖို့ဆိုရင် ဘာတွေဆောင်ရွက်ဖို့လိုပါသလဲလို့ Emergency Medical Team တခုရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာဟိန်းထက်နဲ့ ဒေါက်တာရီရီတို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အရေးအကြီးဆုံး ကြုံတွေ့ရတဲ့ ပြဿနာက သွေးထွက်လွန်တဲ့ ပြဿနာလို့ဆိုပါတယ်။

ပိတ်ဆို့တားဆီးမှုတွေကြောင့်နဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အချိန်မီသွားရောက်ဖို့ခက်ခဲတယ်လို့ဆို

ဒဏ်ရာရရင် ဒဏ်ရာပေါ်ကို ပတ်တီးစည်းဖို့လိုပါတယ်။ ပတ်တီးစည်းရုံနဲ့သွေးထွက်တာကို မတားဆီးနိုင်ရင် ဒဏ်ရာရဲ့အထက်နားမှာ တင်းတင်းကျပ်ကျပ်စည်းထားပေးဖို့လိုပါတယ်။

ခြေထောက်မှာ ဒဏ်ရာရတာဆိုရင် အဲဒီဒဏ်ရာက သွေးတွေ အပြင်ကို ထွက်ကျ ကုန်ခန်းသွားတာမျိုးမဖြစ်ဖို့ ခြေထောက်ကို ထောင်ထားသင့်တယ်လို့ ဒေါက်တာရီရီကဆိုပါတယ်။ သွေးထွက်တဲ့နေရာကို မြင့်နေအောင် မြှင့်ထားပေးခြင်း အားဖြင့် သွေးထွက်မလွန်အောင် ရိုးရိုးလေးနဲ့ လုပ်ဆောင်နိုင်ပါတယ်။

သွေးထွက်နေတာကို အမြန်ဆုံးပြန်ဖြည့်နိုင်ဖို့အတွက် တခြား ဘာမှမရှိရင်တောင်မှ ဓာတ်ဆားရေ များများ သောက်ပေးဖို့လိုအပ်ပါတယ်။ ဓာတ်ဆားရေမရှိခဲ့ရင်တောင် ရေများများသောက်ပေးဖို့လိုပါတယ်။

လူ့တစ်ကိုယ်လုံးမှာ ပုံမှန်အားဖြင့် သွေး ၅ လီတာရှိပါတယ်။ သွေး ၅ လီတာအနက် ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး သွေး ၂ လီတာလောက်မှ မကျန်ရင် အသက်အန္တရာယ်နဲ့ သိပ်နီးသွားပါပြီ။ အမြန်ဆုံးသွေးပြန်သွင်းပေးနိုင်ဖို့လိုပါတယ်။ သွေးသွင်းဖို့အဆင်သင့်မဖြစ်ရင် ဓာတ်ဆားရည်သို့မဟုတ် ရေ သို့မဟုတ် အချိုရည်စသည်ဖြင့်ရနိုင်တဲ့ သောက်စရာအရည်တစ်မျိုးမျိုးနဲ့ အမြန်ဆုံးဖြည့်တင်းပေးရပါမယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်နေသူတွေအတွက် ဓာတ်ဆားထုပ်၊ ပတ်တီးစတဲ့ပစ္စည်းတွေကို အရေးပေါ်အခြေအနေ အတွက် ဆောင်ထားသင့်တယ်လို့ ဒေါက်တာရီရီက အကြံပေးပါတယ်။ ပတ်တီးမရရင် ပုဆိုး၊ ထဘီ၊ အင်္ကျီစရရာနဲ့စည်းနှောင်ထားဖို့လိုပါတယ်။

ဒေါက်တာဟိန်းထက်ဟာ ရန်ကုန်မြို့ပေါ်မှာ သူနာပြုကားနဲ့လိုက်လံပြီး အရေးပေါ်ကုသပြုစုမှုတွေကို လက်ရှိ ကိုယ်တိုင် လိုက်လံဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့နေရာကို သွေးထွက်များနေရင် အားနဲ့ဖိထားပေးဖို့လိုတယ်လို့ ဒေါက်တာဟိန်းထက်ကဆိုပါတယ်။ ပုဆိုးစ၊ အဝတ်စနဲ့ အုပ်ပြီး ၁၅ မိနစ်လောက် လုံးဝမလွှတ်ဘဲ ဆက်တိုက်ဖိထားရင် တော်ရုံဒဏ်ရာဟာ သွေးတိတ်သွားနိုင်ပါတယ်။ ဒဏ်ရာသိပ်ကြီးလို့ သွေးမတိတ်ရင် ဒဏ်ရာရဲ့အထက် ၃ လက်မလောက်နေရာမှာ အဝတ်ထူထူနဲ့ တင်းတင်းကျပ်ကျပ် စည်းနှောင်ဖို့လိုပါတယ်။ တင်းတင်းကျပ်ကျပ် စည်းနှောင်လို့ လူနာကနာကျင်ရင်လည်း အသက်ကယ်ဖို့အတွက် စည်းနှောင်ရမှာပဲဖြစ်တယ်လို့ ဒေါက်တာဟိန်းထက်ကဆိုပါတယ်။

အရေးပေါ် တစ်ခါသုံးဆေးအိတ်

“အရေးကြီးတဲ့အချိန်လည်းဖြစ်၊ လူနာကအသက်ကယ်ဖို့သိပ်လိုအပ်တဲ့ အချိန်လည်းဖြစ်နေတော့ ဒဏ်ရာရထားရင် ဒီအတိုင်းပဲ လက်ချည်းသက်သက်နဲ့ ပြုစုလိုက်ကြတာကို မြင်နေရပါတယ်။ အရေးကြီးတဲ့ အချိန်ဖြစ်ပေမဲ့ လက်အိတ်စွပ်ဖို့ မမေ့ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။ သွေးဟာ ရောဂါပိုးများစွာ ပါဝင်နိုင်ပါတယ်။ ဆန္ဒပြနေတဲ့အချိန်၊ ပြေးလွှားနေတဲ့အချိန်မျိုးမှာ ကိုယ့်လက်မှာလည်း မြင်ရတဲ့ထိခိုက်ပွန်းပဲ့မှု၊ မျက်စိနဲ့မမြင်တဲ့ ထိခိုက်ပွန်းပဲ့မှုတွေရှိနေနိုင်ပါတယ်။ အဲသလိုရှိနေရင်ပိုဆိုးပါတယ်။ အဲဒီထိခိုက်ပွန်းပဲ့နေရာတွေကနေ ရောဂါများစွာကူးစက်နိုင်ပါတယ်။ အဲဒီအတွက်မပေါ့ဆစေချင်ပါဘူး။” လို့ ဒေါက်တာဟိန်းထက်ကဆိုပါတယ်။

ဝမ်းဗိုက်တို့ ရင်ဘတ်တို့လိုနေရာမျိုးကို ထိရင်တော့ သွေးထွက်မလွန်အောင် ထိန်းဖို့ခက်ခဲတဲ့အတွက် ဆေးရုံကို အမြန်ဆုံးရောက်အောင်ပို့တဲ့နည်းပဲရှိလိမ့်မယ်လို့ ဆိုပါတယ်။

ဦးခေါင်းဒဏ်ရာတွေက အပေါ်ယံရှပ်ထိရင် သိပ်စိုးရိမ်စရာမရှိပါဘူး။ ဦးခေါင်းခွံအောက်ဖောက်ဝင်သွားပြီဆိုရင်တော့ ဆေးရုံအမြန်ဆုံးရောက်ဖို့လိုပါတယ်။

ဆေးရုံကိုပို့ဆောင်နေတဲ့လမ်းပေါ်မှာ Normal Saline အကြောဆေး သွင်းပေးနိုင်ရင် အထောက်အကူအများကြီး ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာဟိန်းထက်က ဆိုပါတယ်။


ဒဏ်ရာက တကယ်ပြင်းထန်တာမဟုတ်ဘဲ သေနတ်ကျည်ဆန်ထိမှန်လို့ ကြောက်လန့်ပြီး သတိလစ်သွားတာ၊ ရှော့ခ်ရတာမျိုးဖြစ်ပြီး အသက်ရှူရပ်သွားတာမျိုးဖြစ်ခဲ့ရင်တော့ အရေးပေါ် နှလုံးခုန်၊ အသက်ရှူအသက်ကယ်နည်းလို့ခေါ်တဲ့ စီပီအာလုပ်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။ ရင်ဘတ်ပေါ်မှာ လက်နဲ့ဖိပြီး အသက်ရှူအောင် ကူညီလုပ်ဆောင်ပေးတာကို ဆိုလိုတာဖြစ်ပါတယ်။

မျက်ရည်ယိုဗုံးထိရင်တော့ မျက်နှာသစ်ရေဆေးပေးရင် သက်သာနိုင်ပါတယ်။ အငွေ့တွေကို အဆုပ်ထဲရှူမသွင်းမိအောင် သတိထားနိုင်ရင် အကောင်းဆုံးပါ။

အဓိကရုဏ်းဖြစ်လာရင် အရေးပေါ်သူနာပြုစောင့်ရှောက်တဲ့နည်းတွေကိုလည်း လူမှုကွန်ရက်မှာ ဖြန့်ဝေပေးထားတာတွေရှိပါတယ်။ ဒါတွေကို လူတော်တော်များများက လေ့လာထားရင် မိမိကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ အထောက်အကူပေးနိုင်လိမ့်မယ်လို့ ဒေါက်တာရီရီကဆိုပါတယ်။

လူမှုကွန်ရက်မှာတင်ထားတဲ့ democracy clinic ဆိုတဲ့စာမျက်နှာမှာဆိုရင် လွယ်ကူရှင်းလင်းပြီး မြန်မာစာ တတ်သူတိုင်း နားလည်နိုင်အောင် ရှင်းပြပေးထားတာရှိပါတယ်။ အဲဒီစာမျက်နှာမျိုးကို ဖတ်ရှုလေ့လာဖို့ တိုက်တွန်းပါတယ်လို့ ဒေါက်တာရီရီက ဆိုပါတယ်။

ဒေါက်တာဟိန်းထက်ကတော့ သူ့အနေနဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ သူနာပြုကားနဲ့ ကူညီဆောင်ရွက်ပေးနေပေမဲ့ အခက်အခဲတွေရှိတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့သူနာပြုကားက နိုင်ငံခြားက သူနာပြုကားတွေလိုတော့ ကားပေါ်များ တော်တော်များများ အပြည့်အစုံပါအောင် မတတ်နိုင်ဘူးပေါ့ဗျာ။ အဲဒီအခက်အခဲတစ်ခုလည်း ရှိပါတယ်။ ပိုဆိုးတဲ့ အခက်အခဲကတော့ သူနာပြုကားတွေ၊ ဗော်လံတီယာကားတွေကိုပါ ပစ်ခတ်တာတွေ၊ ဖမ်းဆီးရိုက်နှက်တာတွေ ရှိနေတော့ ကျွန်တော်တို့လည်း သိပ်သတိထားရပါတယ်။ ကျွန်တော်တို့ ဖုံးနံပါတ်တွေကို အများပြည်သူသိအောင် ဖြန့်ဝေပြီး အားလုံးဆက်သွယ်ကြပါဆိုတာမျိုး ပွင့်ပွင့်လင်းလင်း လုပ်လို့လည်း မရပါဘူး။ ကိုယ်ကသတင်းကြားလို့ သွားကူညီလိုက်ရတာတွေရှိတယ်။ သူတို့က ခေါ်လို့သွားရတာမျိုးလည်း ရှိပါတယ်။

မက်ဆင်ဂျာကဖြစ်စေ၊ ဆစ်ဂနယ်၊ တယ်လီဂရမ်ကဖြစ်စေ ကိုယ်နဲ့ အချိတ်အဆက်ရှိတဲ့လူတွေကိုသာ လုပ်ပေးနိုင်တာမျိုးဖြစ်နေပါတယ်။”

မြို့နယ်တွေမှာရှိတဲ့ ဆရာဝန်တွေ၊ ဆေးခန်းတွေအနေနဲ့ အရေးပေါ်သွေးထွက်သံယိုဒဏ်ရာတွေနဲ့ ပတ်သက်တဲ့ ပြုစုကုသနည်းတွေကို သင်တန်းပေးတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာမျိုးတွေ၊ အရေးပေါ်ဆေးအိတ်ပြင်ဆင် လှူဒါန်းတာသို့မဟုတ် အဖိုးအခ အနည်းအကျဥ်းနဲ့ ရောင်းချပေးတာမျိုးတွေ ပြုလုပ်သင့်တယ်လို့လည်း ဒေါက်တာရီရီက ဆိုပါတယ်။

ဒီလိုအချိန်မျိုးဟာ နေရာတိုင်းမှာ ဆေးခန်းတွေ၊ ရွှေ့ပြောင်းဆေးခန်းတွေရှိနေသင့်တဲ့ အချိန်လို့လည်း ဒေါက်တာရီရီက ဆိုပါတယ်။

ဒါပေမဲ့ နေရာတိုင်းမှာ စစ်မြေပြင်လိုဖြစ်နေတဲ့အချိန်မှာ ဆေးခန်းတွေ အများအပြားရှိနေဖို့ဟာလည်း အခက်အခဲများစွာရှိနိုင်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56607538

သွေးထွက်လွန်တာကြောင့် သေဆုံးမှုအများဆုံးဖြစ်ပေါ်နေ  သွေးထွက်လွန်တာကြောင့် သေဆုံးမှုအများဆုံးဖြစ်ပေါ်နေ Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.