ကလေးမြို့နယ်အတွင်း ကမ်းပါးနီ၊ စည်သာ၊ နတ်ချောင်းပစ်ခတ်မှုများ

တာဟန်းသပိတ်ကို စစ်တပ်ကဖြိုခွင်းနေစဥ်

ကလေး၊ဂန့်ဂေါလမ်းပေါ်က တောင်ခင်ရန်းနဲ့ နတ်ချောင်းတို့မှာ (မတ်လ ၃၁ ရက်) တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စည်သာနဲ့ ကမ်းပါးနီတို့မှာတော့ (မတ်လ ၃၀ ရက်) တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေဟာ မတ်လ ၂၉ ရက်နေ့ စည်သာတိုက်ပွဲနဲ့ မတ်လ ၂၈ ရက်နေ့ ကလေးမြို့တာဟန်းသပိတ်ဖြိုခွင်းမှုတွေရဲ့ နောက်ဆက်တွဲတွေလည်း ဖြစ်ကြပါတယ်။

တာဟန်းသပိတ်ကစတင်

မတ်လ ၂၈ ရက်က ကလေးမြို့ပေါ်က တာဟန်းရပ်ကွက်မှာ သပိတ်စစ်ကြောင်းကို စစ်တပ်က ဖြိုခွဲနှိမ်နင်းခဲ့ပါတယ်။

ကလေးမြို့ဟာ စစ်တပ်အများအပြားရှိတဲ့အတွက် တပ်မြို့လို့တောင် တချို့က ခေါ်ကြပါတယ်။ ခြေလျင်တပ်ရင်း ၄ ရင်း၊ အမြောက်တပ်၊ ဘီအီးတပ်၊ ထောက်ပို့တပ်၊ ဒကခ ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်တပ်တွေရှိကြပါတယ်။

ရှေ့တန်းနဲ့ နေပြည်တော်သွားနေတဲ့ တပ်တွေကလွဲပြီး ကျန်တဲ့ အင်အားအကုန်ကို သပိတ်နှိမ်နင်းရေးမှာ အသုံးပြုခဲ့ပုံရတယ်လို့ သပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်သားအင်အား အယောက် ၂၀၀ နဲ့ ၃၀၀ အကြားပါဝင်ပြီး အတွဲလိုက်ပစ်တဲ့ စက်သေနတ်တွေ အသုံးပြုခဲ့တဲ့ အပြင် ဗုံးသီးလောင်ချာတွေနဲ့ လက်ပစ်ဗုံးတွေကိုပါ အသုံးပြုခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်က လေးခွ၊ လေသေနတ်နဲ့ ချင်းလူမျိုးများ အမဲလိုက်ရာမှာသုံးစွဲတဲ့ တူးမီးသေနတ်တွေ အသုံးပြုခုခံတာကို အွန်လိုင်းမှာ တက်လာတဲ့ ဗီဒီယိုတချို့မှာတွေ့ရပါတယ်။

ပစ်ခတ်နှိမ်နင်းမှုဟာ ညနေ ၃ နာရီက စတင်ပြီး ညနေ ၆ နာရီ ၁၀ မိနစ်အထိ ၃ နာရီကျော်ကြာမြင့်ခဲ့ပါတယ်။

၃ နာရီကြာပစ်ခတ်ဖြိုခွင်းမှုအတွင်းမှာ မအားခူ၊ ကိုဆန်းသဲ၊ ကိုထန်ဟောင်လျန်းဆိုတဲ့ ချင်းလူမျိုး ၃ ဦးနဲ့ ကိုသားချစ်ဆိုတဲ့ ဗမာလူမျိုး ၁ ဦး စုစုပေါင်း ၄ ဦးကျဆုံးခဲ့ပါတယ်။

သပိတ်ပြိုကွဲပြီးနောက်မှာ မြို့ထဲနေရာအနှံ့အပြားကို တစ်ညလုံးလိုက်လံခြိမ်းခြောက် ပစ်ခတ်ခဲ့ရာမှာ ကင်းသမားတစ်ယောဖြစ်တဲ့ ကိုမင်းညို သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။

စည်သာရွာအနီးကြားဖြတ်တိုက်ပွဲ

မတ်လ ၂၉ ရက်နေ့မှာတော့ ကလေးမြို့ကနေ ဂန့်ဂေါဘက်ကိုထွက်လာတဲ့ စစ်ကားတွေကို စည်သာရွာနဲ့ နတ်မြောင်းရွာအကြားမှာ လူအချို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။

တိုက်ပွဲဟာ အလစ်အငိုက်ချုံခိုတိုက်ခိုက်မှုဖြစ်ပြီး ညနေ ၄ နာရီခွဲကစတင်ပါတယ်။ ညနေ ၆ နာရီအထိ ၂ နာရီလောက်ကြာမြင့်တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

“အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်သား ၂ ယောက်ကျဆုံးတဲ့အပြင် တချို့ဒဏ်ရာရသွားတယ်ဗျ။ တိုက်ခိုက်တဲ့ဘက်ကတော့ လူတစ်ယောက်ပေါင်မှာ ကျည်ဆံထိမှန်သွားတယ်လို့ ကြားရပါတယ်။ သတင်းက တော်တော်ခိုင်မာပါတယ်။ အွန်လိုင်းပေါ်မှာတော့ စစ်တပ်က ၁၅ ယောက်ကျတယ်၊ ၁၀ ယောက်ကျတယ်ဆိုတာမျိုးပြောကြတာပေါ့ဗျာ။ မမှန်ပါဘူး။ တိုက်တဲ့သူတွေကလည်း ဘယ်ကရောက်လာမှန်း မသိရသလို ဘယ်ပျောက်သွားမှန်းလည်း မသိရတော့ အမျိုးအမည်မသတ်မှတ်နိုင်ပါဘူး။” လို့ ကလေးမြို့က ကိုမောင်ကြီးကပြောပါတယ်။

ဒါပေမဲ့ တိုက်ခိုက်သူတွေရဲ့လက်နက်တွေကတော့ တူးမီး၊ ဒူးလေးတို့လို အမဲလိုက်သုံးလက်နက်တွေမျှသာဖြစ်ကြတယ်လို့ဆိုပါတယ်။

ညမှောင်လာချိန်မှာ မြန်မာ့တပ်မတော်ဘက်က စစ်ကားတွေပြန်ဆုတ်သွားခဲ့ပါတယ်။

မတ်လ ၃၀ စည်သာရွာ၊ နတ်မြောင်းရွာဘက် စစ်ကားများသွားရောက်

မတ်လ ၃၀ ရက်မှာတော့ စစ်ကားတော်တော်များများ စည်သာ၊ နတ်မြောင်းရွာတွေဘက်ဆီ ဦးတည်မောင်းနှင်သွားကြပါတယ်။ စစ်ကားအရေအတွက် ၁၀ စီးနဲ့ ၁၅ စီးအကြားရှိတယ်လို့ဆိုကြပါတယ်။

ကလေး၊ဂန့်ဂေါလမ်းပေါ်က ထိုမာရွာ၊ ထောက်ကြန့်ရွာ၊ ကြာအင်းရွာတို့မှာတော့ စစ်သားတချို့က ခြေလျင်ဆင်းလျှောက်ကြပါတယ်။

စည်သာ၊ နတ်မြောင်းရွာတွေအနီးအထိ စစ်ကားတွေနဲ့ ချီတက်ခဲ့ပေမဲ့ အရင်နေ့က တိုက်ခိုက်သွားခဲ့သူတွေကို မတွေ့ခဲ့ကြရပါဘူး။ လမ်းတစ်လျှောက်ရွာတွေကို စစ်သားတွေက ဝင်ရောက်ရှာဖွေကြရာမှာလည်း ရွာသားအများစုက ကြောက်ရွံ့ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ညနေဘက်မှာ စစ်ကားတော်တော်များများ ကလေးမြို့ဘက်ကို ပြန်လာပါတယ်။ ဒါပေမဲ့ စစ်ကား ၃ စီးကတော့ ကားအခွံချည်သာပြန်လာတဲ့အတွက် စစ်သားတွေလမ်းပေါ်တနေရာရာမှာ ကျန်ရစ်ခဲ့ပုံရတယ်လို့ ကလေးမြို့ပေါ်က စောင့်ကြည့်သတင်းယူနေသူ ကိုမောင်ကြီးကပြောပါတယ်။

သပိတ်ဖြိုခွဲမှုကြောင့် လူ ၅ ဦးသေဆုံးပြီးနောက်တနေ့မှာ ဆက်လက်ဆန္ဒပြ

ကမ်းပါးနီအနီး ညပိုင်းတိုက်ခိုက်မှုများ

မတ်လ ၃၀ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ ဂန့်ဂေါဘက်ကနေ စစ်ကူလို့ယူဆရတဲ့ ကားတချို့ ကလေးမြို့ဆီ ဦးတည်မောင်းနှင်လာတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ကမ်းပါးနီတံတားအနီးအရောက်မှာ နေ့ခင်းက ရှာမတွေ့တဲ့ လက်နက်ကိုင်အစုအဖွဲ့ ပြန်လည်ထွက်ပေါ်လာပြီး ဂန့်ဂေါဘက်ကလာတဲ့ကားတန်းကို ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ စစ်သား ၁ ယောက်ကျဆုံးတယ်လို့ သတင်းတချို့ထွက်ပေါ်ပေမဲ့ အတည်မပြုနိုင်ပါဘူး။

ကမ်းပါးနီတံတားမှာ တိုက်ပွဲဖြစ်ပွားနေစဥ် အနီးနားကို ရောက်ရှိလာတဲ့ ဟိုက်ဂျက် ကားတစီးကို စစ်တပ်က ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကားမီးလောင်ပြီး ယာဥ်မောင်းသူဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက‌ပြောပါတယ်။ ကားနောက်ခန်းမှာ ပါလာသူတွေတော့ ဒဏ်ရာမရဘူးလို့ဆိုပါတယ်။

အဲသလို တိုက်ပွဲဖြစ်ပွားနေစဥ်မှာပဲ ဟံသာဝတီနဲ့ ကြံသာအကြား တပ်စိုက်ခင်းအနီးဖြတ်သွားတဲ့ စစ်ရှောင် အရပ်သားတွေရဲ့ ကားတစီးကို စစ်တပ်ကပစ်ခတ်ခဲ့ရာမှာ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ ကားပေါ်မှာ အမျိုးသမီးအများအပြားပါဝင်ကြပါတယ်လို့သိရပါတယ်။

စည်သာရွာ ထိပ်တိုက်တွေ့မှု

မတ်လ ၃၁ ရက် တောင်ခင်ရန်းနဲ့ နတ်ချောင်းတိုက်ပွဲများ

ကမ်းပါးနီမှာ ညဘက်တိုက်ပွဲဖြစ်ပြီး ဆုတ်ခွာလာတဲ့ အာဏာသိမ်းတပ်မတော်ရဲ့ စစ်တပ်တွေ မတ်လ ၃၁ ရက်နေ့ မနက် ၃ နာရီခွဲအချိန် တောင်ခင်ရန်းနားအရောက်မှာ လက်နက်ကိုင်အဖွဲ့တွေက လမ်းမပေါ်က ဆီးကြိုတိုက်ခိုက်ခဲ့ကြပါတယ်လို့ဒေသခံတွေက ဆိုပါတယ်။

တောင်ခင်ရန်းမှာ မနက် ၃ နာရီခွဲလောက်ကစတင်တိုက်ပွဲဖြစ်ပွားပြီး မနက် ၈ နာရီခွဲလောက်အထိ ကြာမြင့်ခဲ့ပါတယ်။ စစ်တပ်ဘက်က လောင်ချာတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်အားကောင်းတဲ့ စက်သေနတ်တွေ အသုံးပြုတိုက်ခိုက်တာကို တူးမီးသေနတ်ကိုင်ဆောင်ထားတဲ့သူတွေက ၅ နာရီလောက်ကြာအောင် တောင့်ခံ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တူးမီးကိုင်တိုက်ခိုက်ကြတဲ့ အရပ်သားလက်နက်ကိုင်တွေလို့ ယူဆရသူတွေဘက်က ၁ ယောက်ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဂန့်ဂေါဘက်က စစ်တပ်ကားတစီး စစ်ကူလာရောက်ပေမဲ့ လမ်းတစ်ဝက်ကလှည့်ပြန်သွားခဲ့ပါတယ်။ ဂန့်ဂေါမှာတူးမီးသေနတ်ကိုင် လူ ၂၀ ကျော်က မြို့မရပ်ကွက်က ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်တိုက်ခိုက်တဲ့ သတင်းကြောင့်လှည့်ပြန်သွားတာဖြစ်နိုင်တယ်လို့ ကလေးမြို့က ကိုမောင်ကြီးက သုံးသပ်ပြောဆိုပါတယ်။

ဂန့်ဂေါမှာလည်း ရဲတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိသလို လာရောက်တိုက်ခိုက်သူတွေဘက်ကလည်း ၁ ယောက်သေဆုံးတယ်လို့ ဆိုပါတယ်။

တောင်ခင်ရန်းအနီး ကြိုးကြာကွင်း တပ်နယ်လိုင်းခန်းအိမ်ရာတစ်ခုကိုလည်း တိုက်ခိုက်သူတွေက မီးရှို့သွားခဲ့ပါတယ်။

နတ်ချောင်းရွာဘက်မှာတော့ မတ်လ ၃၁ ရက် မနက် ၁၁ နာရီခွဲ အချိန်လောက်က နတ်ချောင်းသုသာန်ထဲမှာ အနားယူပြီး ထမင်းစားနေတဲ့ စစ်သားတွေကို အရပ်သားလက်နက်ကိုင်တွေက တူးမီးသေနတ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

နတ်ချောင်းအနီးတစ်ဝိုက်မှာ တောင်ကုန်းတွေ ချိုင့်ဝှမ်းတွေပေါများပါတယ်။ တောင်ကုန်းပေါ်ကနေ စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားလက်နက်ကိုင်တွေဘက်က တယောက် ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်းမှာ ရဲနဲ့စစ်တပ်ဘက်က သေဆုံးသူ ၅ ယောက်ရှိတယ်လို့ သတင်းထွက်ပေါ်ပေမဲ့ တိုက်ပွဲ အခြေအနေရှုပ်ထွေးနေပြီး ခိုင်ခိုင်မာမာ အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

မတ်လ ၃၀ ရက်မှာ ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ကလေးမြို့

ရဲနဲ့စစ်သားအချို့အဖမ်းခံထားရ

နတ်မြောင်းရွာဘက်မှာ စစ်သားနှစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေဘက်က ပြောဆိုပါတယ်။ အခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်ရဲ့ သီးခြားအတည်ပြုချက်မျိုးတော့ မရရှိပါဘူး။

တာဟန်းဘက်မှာတော့ ယာဥ်ထိန်းရဲ ၄ ယောက်ကို သပိတ်ဘက်က ဖမ်းဆီးထားပါတယ်။ တာဟန်း သပိတ်စခန်းအနီးမှာ အရပ်ဝတ် လူစိမ်း ၄ ယောက်ကားနဲ့ရောက်လာလို့ မသင်္ကာလို့ စစ်ဆေးမေးမြန်းရာမှာ ယာဥ်ထိန်းရဲလို့ ဖြေကြားတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတာလို့ ကလေးမြို့က ကိုမောင်ကြီးက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ရဟတ်ယာဥ် ၃ စီးဆင်းသက်ပြီး စစ်သားတချို့ထပ်မံရောက်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56598231

ကလေးမြို့နယ်အတွင်း ကမ်းပါးနီ၊ စည်သာ၊ နတ်ချောင်းပစ်ခတ်မှုများ  ကလေးမြို့နယ်အတွင်း ကမ်းပါးနီ၊ စည်သာ၊ နတ်ချောင်းပစ်ခတ်မှုများ Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.