မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အမေရိကန် ဒဏ်ခတ်အရေးယူ

MYANMAR JADE SALE

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ မြန်မာစစ်အစိုးရက ငြင်းဆန်နေတာနဲ့ ဆန္ဒပြသူတွေသာမက ဘေးက ရပ်ကြည့်သူတွေကိုပါ အသက်သေဆုံးတဲ့အထိ တိုက်ခိုက်နေတာတွေအတွက် အခုလို အရေးယူလိုက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ အစီအစဉ်နဲ့ နေပြည်တော်မှာကျင်းပနေတဲ့ ကျောက်မျက်ပြပွဲမှာ စစ်ခေါင်းဆောင်တွေ ပါဝင်နေကြတာကြောင့် အခုလို အရေးယူလိုက်တာဖြစ်တဲ့အကြောင်းလည်း ဝန်ကြီး Blinken ကပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တဲ့ထိ၊ ဥပဒေမဲ့ ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်တဲ့ထိ၊ စစ်အုပ်ချုပ်ရေးနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းတဲ့ထိ၊ ဆက်သွယ်ရေးတွေ ကန့်သတ်ထားတာကို ရုပ်သိမ်းတဲ့ထိ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တဲ့အထိ စစ်အစိုးရကို အမေရိကန်က ဖိအားဆက်ပေးသွားမယ်ဆိုတာ ဒီကနေ့ချမှတ်တဲ့ ပစ်မှတ်ထား အရေးယူမှုကနေ ရှင်းရှင်းလင်းလင်း ပြောလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ တခြားလူတွေကို မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်လုပ်ရပ် ကျူးလွန်နေတာ ရပ်သွားဖို့၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ထောက်ခံအားပေးဖို့နဲ့ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တာဝန်ခံယူမှုရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းက အမေရိကန်ရဲ့ မဟာမိတ်တွေ၊ လက်တွဲဘက်တွေနဲ့ အနီးကပ် ညှိနှိုင်းပြီး အခိုင်အမာ ဆက်ပြီးရပ်တည်သွားမယ်လို့လည်း ဝန်ကြီး Blinken ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-gems-enterprise-us-sanction-antony-blinken/5845675.html

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အမေရိကန် ဒဏ်ခတ်အရေးယူ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အမေရိကန် ဒဏ်ခတ်အရေးယူ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.