"မြန်မာနှစ်သစ်က ငြိမ်းချမ်းရေးယူဆောင်ပေးနိုင်ဖို့ မျှော်လင့်" - ကန်နိုင်ငံခြားရေးဝန်ကြီး



Share/Bookmark

မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ အမေရိကန်ပြည်ထောင်စုကိုယ်စား ဆုမွန်ကောင်းတောင်းလိုက်တဲ့ တချိန်ထဲမှာပဲ မြန်မာပြည်သူတွေအတွက်လည်း နှလုံးစိတ်ဝမ်းမအေး ဖြစ်ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

သင်္ကြန်ပွဲတော်ဟာ ကိုယ်ရော စိတ်ပါ သန့်စင်ရတဲ့ကာလဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အခုလို အခက်ခဲ အကြပ်တည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ နှစ်သစ်က မြန်မာပြည်သူတွေ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကို မဆုတ်မနှစ်သော ဇွဲသတ္တိတို့နဲ့ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်က ချီးကျူးပါကြောင်းလည်း ဝန်ကြီး Blinken ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အကြမ်းဖက်၊ ဖိနှိပ်မှုတွေကို အာခံပြီး မြန်မာပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်နေကြတာပါ၊ လက်ရှိ အကြပ်အတည်းကနေ ကျော်လွှားနိုင်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကြိုးစားနေကြတဲ့ မြန်မာလူထုကို အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် အခုလို ခက်ခဲလှတဲ့အချိန်မှာ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နွေးထွေးတဲ့ နှုတ်ခွန်းဆက်သမှုကို လက်ခံပေးပါလို့ မေတ္တာရပ်ခံလိုပါကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-foreign-secreatry-antony-j-blinken-greeting-for-burmese-news-year/5845699.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ