လူရွှင်တော် ဇာဂနာ အဖမ်းခံရ

လူရွှင်တော် ဇာဂနာ။ (ဓာတ်ပုံ - AP Photo/Khin Maung Win - အောက်တိုဘာ ၁၃၊ ၂၀၁၁)

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေသလို ဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ထောက်ခံသူတွေကို စစ်တပ်ကဖမ်းဆီးနေတာမှာ ဒီကနေ့မနက်ပိုင်းကတော့ ထင်ရှားတဲ့ အနုပညာရှင်တဦးဖြစ်သူ ဇာဂနာ ခေါ် ဦးသူရကို နေအိမ်မှာ လာဖမ်းသွားတယ်လို့ လူရွှင်တော် ငပျောကျော်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဆိုတော် ရဲတိုက်ကို ဖမ်းထားတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နယ်ပယ်အသီးသီးက ထင်ရှားတဲ့ အနုပညာရှင်တွေ၊ သတင်းမီဒီယာသမားတွေကိုလည်း ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။

အဲဒီလို ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီးတာတွေ အပြင်းအထန် လုပ်နေတဲ့ကြားမှာပဲ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကတော့ နိုင်ငံတဝန်း နေရာအများအပြားမှာ ဒီကနေ့အချိန်ထိ ဆက်ရှိနေဆဲပါပဲ။

ရန်ကုန်မြို့မှာတော့ ဒီကနေ့ သွေးမတိတ် ဆေးသပိတ်ဆိုတဲ့ လှုပ်ရှားမှုကို လူငယ်တွေ ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။ လမ်းမကြီးတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ သင်္ဘောဆေးအနီရောင် ပက်ဖျန်းပြီးတော့ သွေးမတိတ်သေးဘူးဆိုတဲ့ သဘောမျိုး ဆန္ဒပြကြတာပါ။ တချို့နေရာတွေမှာတော့ စစ်တပ်နဲ့ ထိပ်တိုက်မတိုးအောင်ရှောင်ပြီး လမ်းကြိုလမ်းကြားတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

ထားဝယ်မြို့မှာတော့ မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူးကာလမှာ ပွင့်လေ့ရှိတဲ့ ပိတောက်ပန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြပါတယ်။

မန္တလေးမှာ ဆေးဝန်ထမ်းတွေရဲ့ ပင်မသပိတ်စစ်ကြောင်းကို အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲသလို မုံရွာမှာလည်း ပင်မသပိတ်စခန်းကို အကြမ်းဖက်ဖျက်ဆီးခဲ့ပေမယ့် ဆန္ဒပြပွဲတွေကတော့ ရပ်မသွားခဲ့ပါဘူး။ ဒါ့အပြင် မန္တလေးမှာ တရုတ်နိုင်ငံကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မိုးကုတ်၊ ဖားကန့်၊ တန်ဆည်၊ မိတ္ထီလာ၊ ကသာ၊ ဟိုပင်၊ ရေစကြို၊ တီးတိန်၊ မြင်းခြံ၊ ပုဂံ၊ လောင်းလုံ အစရှိတဲ့မြို့တွေမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် ဧပြီလ ၅ ရက်နေ့အထိဆိုရင် သေဆုံးသူပေါင်း ၅၇၀ ထက်မနည်းရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပြီး သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရသူကတော့ ၂,၇၃၀ နီးပါးရှိပြီလို့လည်း AAPP ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-arrested-zaganar/5842462.html

လူရွှင်တော် ဇာဂနာ အဖမ်းခံရ လူရွှင်တော် ဇာဂနာ အဖမ်းခံရ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.