စမ်းချောင်း ပရဟိတဆေးခန်းက ဆရာဝန်အပါအဝင် ၉ ဦး ဖမ်းဆီးခံရ



Share/Bookmark
စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်း ဓမ္မာရုံက ပရိဟိတလုပ်နေတဲ့ ဆေးခန်းက ဆရာဝန်တွေနဲ့ လူ ၉ ဦးကို လာရောက်ဖမ်းဆီးသွားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - CJ - ဧပြီ ၆၊ ၂၀၂၁)

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းမှာ ဧပြီလ ၅ ရက်နေ့က ပရဟိတဆေးခန်းတခုကို ဝင်ရောက်ပြီး ဆရာဝန်များအပါအဝင်လူ ၉ ယောက်ကို ဖမ်းဆီးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေ ဆရာဝန်တွေနဲ့ ပရဟိတလုပ်နေတဲ့ လုပ်နေသူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်နေတာပါ။ ဧပြီလ ၅ ရက်နေ့မှာတော့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းက ဓမ္မာရုံမှာ ပရဟိတ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တွေ၊ ဆေးဆရာ၊ ဆရာမတွေ အပါအဝင်လူ ၉ ဦးခန့်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အားအများအပြား သုံးပြီး ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ စမ်းချောင်းမြို့နယ်က ပြည်သူတဦးကပြောပြပါတယ်။

"ညောင်တုန်းလမ်း ဓမ္မာရုံက ဟိုးတုန်းကတည်းက စပြီးအရေးအခင်းတွေ ဖြစ်တဲ့အချိန်ကတည်းက ဆေးခန်းတွေ ပိတ်တယ်ဆိုတော့ ပရဟိတအနေနဲ့ ဆေးခန်းလေးတွေ ဖွင့်ပေးထားတာ။ ဆရာဝန်ပါသွားတယ်။ အားလုံးပေါင်း ၉ ယောက်ပါသွားတယ်။ နေ့လည် ၂ နာရီက ဝင်ပြီးတော့ ဆေးပစ္စည်းတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ လမ်းမှာ တပ်တဲ့ CCTV တပ်တယ်လေ။ အဲဒီပစ္စည်းတွေလည်း အကုန်သယ်သွားတယ်။ ဆေးတွေလည်း ယူသွားတယ်။ ဓမ္မာရုံက ပိုက်ဆံတွေလည်း ယူသွားတယ်။ အကုန်လည်း ဖျက်ဆီးသွားတယ်။"

ဖမ်းဆီးသွားသူတွေထဲမှာ ဆရာဝန်ဒေါက်တာအောင်ကျော်ဦးနဲ့ ပရိဟိတဆေးခန်းကို လာကြတဲ့ လူနာတွေကို အကူညီပေးနေသူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။

ဒီဓမ္မာရုံထဲက ပရဟိတလုပ်နေတဲ့ ဆရာဝန်နဲ့ ဆေးဆရာမတွေဟာ ဆန္ဒပြလှုပ်ရှားသူတွေကို အားပေးမှုတွေ လုပ်နေကြောင်း CDM အကြမ်းမဖက်အာခံတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်မှုတွေရှိတယ်ဆိုပြီး သတင်းပေးသူတွေ ရှိတဲ့အတွက်လာရောက်ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။ စမ်းချောင်းမြို့နယ်ထဲက လမ်းတွေကို စစ်တပ်အင်အား၊ ရဲအင်အားတွေနဲ့ မကြာခဏဆိုသလို ပိတ်ဆို့ပြီး ရာနဲ့ ချီရှိတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့တာပါ။ မကြာသေးခင်ရက်ပိုင်းကပဲ အသက် ၁၃ နှစ်အရွယ် ကလေးတဦးဟာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်မှာ အပြင်ထွက်တာကြောင့် စစ်သားတွေက ပြင်းပြင်းထန်ထန်ရိုက်နှက်တာတွေ ရှိရတယ်လို့လည်း ပြောပြပါတယ်။

စမ်းချောင်းမြို့နယ်ထဲကို တက်ကြွလှုပ်ရှားသူတွေ လာနေကြတဲ့အတွက်ရော၊ ညဘက်သံပုန်းတီးတဲ့အတွက်ကြောင့်ပါ ညတွေမှာ သေနတ်တွေနဲ့ ပစ်ဖောက်တာတွေ ရှိနေပြီး စမ်းချောင်းလူထုဟာ သေနတ်သံတွေကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရတယ်လို့လည်းပြောပြကြပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/sanchaung-myanmar-military-coup/5842388.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ