နေရာအနှံ့ တပ်စွဲစစ်ဆေးနေလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်


စစ်တပ်အာဏာသိမ်းတာ ၆၅ ရက်ရှိလာပြီဖြစ်ပြီး နယ်ပေါင်းစုံ လမ်းပေါင်းစုံမှာ ပိတ်ဆို့ စစ်ဆေးနေတာ တွေကြောင့် ကုန်စည်စီးဆင်းမှုတွေ မရှိတော့သလောက် ဖြစ်လာတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲလာပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ နေရာအနှံ့က လမ်းမကြီးတွေပေါ် တပ်စွဲထားပြီး ပိတ်ဆို့ စစ်ဆေး နေတဲ့အတွက် ယာဉ်အသွားအလာတွေက မရှိသလောက်ဖြစ်သွားတာမို့ ကုန်စည်စီးဆင်းမှု ပြတ်တောက် သွားပါတယ်။ လမ်းတွေမှာ အလွန်အမင်း စစ်ဆေးနေတဲ့အတွက် ကုန်စည်တင်ပို့ဖို့ မလွယ်တော့ဘဲ ယာဉ်မောင်း အယောက် ၁၀၀မှာ နှစ်ယောက်လောက်ပဲ ကုန်ကားမောင်းဖို့ ထွက်နိုင်တော့တယ်လို့ မုံရွာက ကုန်သည်တစ်ဦး က RFA ကိုပြောပါတယ်။

ကားတစ်စီးလုံးကို မွှေနှောက်ရှာဖွေရုံမက ကုန်စည်တွေကို ဖွင့်ဖောက်စစ်ဆေးတဲ့အပြင် ငွေဘယ်လောက် ပါလာသလဲဆိုတာပါ စစ်ဆေးပါတယ်။ ငွေအမြောက်အများတွေ့ရင် ဘယ်ကရပြီး ဘယ်ကိုပို့မှာလဲဆိုပြီး နောက်ကွယ်က အကြောင်းအရာအထိ စစ်ဆေးမေးမြန်းတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အတွင်းက မြို့နယ်တွေမှာ ဖြတ်သန်းတဲ့ ကားနဲ့ ဆိုင်ကယ် မှန်သမျှကို တားဆီး စစ်ဆေးနေပြီး ငွေကြေးနဲ့ တချို့ပစ္စည်းတွေကို သိမ်းယူတဲ့အထိ လုပ်ဆောင်နေပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ လမ်းပေါ်သွားနေတဲ့ ကားတစ်စီးကို ရပ်တန့်စစ်ဆေးပြီး ပိုက်ဆံ အိတ်ထဲက ငွေ ငါးသိန်းကို ယူထားတယ်လို့ ကာယကံရှင်နဲ့ နီးစပ်တဲ့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း ဒီလို ဖြစ်ရပ်မျိုးရှိပြီး ဈေးကားတွေပေါ်က လိုချင်တဲ့ အစားအသောက်တွေကို သိမ်းယူ သွားတာ၊ ဈေးဆိုင်ခန်းတွေက ပစ္စည်းတွေကို ငွေမပေးဘဲ လိုချင်တာတွေကို သယ်သွားတာမျိုးတွေ ရှိပါတယ်။ အဲဒီလို မထင်ရင် မထင်သလို ကားတွေကို စစ်ဆေးပြီး သိမ်းယူနေတာတွေကြောင့် နယ်ဒေသတွေက ကုန်ကားတွေ တစ်နေ့တစ်ခြား အထွက်နည်းလာပါတယ်။

ရန်ကုန်ဟာ နယ်ဒေသတွေက ဝင်ရောက်တဲ့ ကုန်စည်ကို အားပြု လည်ပတ်စီးဆင်းတဲ့ တိုင်းဒေသကြီးဖြစ် တာမို့ အခုလို ကုန်အဝင် မရှိတော့တဲ့အတွက် ရပ်ကွက်ဈေးတွေမှာ ကုန်စည် ပြတ်လပ်နေပါတယ်။ ရပ်ကွက် ဈေးတွေမှာ အသား ငါး၊ ဟင်းသီးဟင်းရွက် မရှိသလောက် ဖြစ်နေပြီး ဈေးက နှစ်ဆတက်နေတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ငြုတ်၊ ကြက်သွန်ဈေးတွေကတော့ ပုံမှန်အတိုင်းရှိနေပြီး ဆီဈေးကတော့ အနည်းငယ် တက်လာတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အခြေခံ စားသောက်ကုန်အဓိက ဖြန့်ချိ ပေးနေတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုန်ကားအဝင်က သုံးပုံနှစ်ပုံ လျော့နည်းသွားပြီး ဆိုင်တွေကတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားတယ်လို့ ဆန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး တွေက ကုန်သည်တွေ သိုလှောင်ထားတဲ့ အခြေခံ စားသောက်ကုန်တွေ မပြတ်လပ်ခင်အထိ ဈေးကွက် တည်ငြိမ်နေဦးမှာ ဖြစ်ပေမယ့် ကုန်စည် စီးဆင်းမှုလုံးဝ ရပ်တန့်သွားပြီး သိုလှောင်ကုန်တွေ ပြတ်လပ်ကုန်ရင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောကြားပါတယ်။

RFA Burmese



နေရာအနှံ့ တပ်စွဲစစ်ဆေးနေလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက် နေရာအနှံ့ တပ်စွဲစစ်ဆေးနေလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက် Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.