စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပမှာ ဆက်ဖြစ်ဆဲ

နယ်သာလန်နိုင်ငံက ဆန္ဒထုတ်ဖေါ်သူတချို့

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း အုပ်ချုပ်နေတာတွေ အဆုံးသတ်သွားစေဖို့ ဗြိတိန်၊ နယ်သာလန်နဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ မြန်မာတွေက ပုံသဏ္ဍန်မျိုးစုံနဲ့ တနင်္ဂနွေနေ့တုန်းက လှုပ်ရှားခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ် နှိမ်နင်းမှုအတွင်း နေ့စဉ်နီးပါး လူတွေ သေဆုံးလာခဲ့တာ ရာဂဏန်းနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဗြိတိန်နိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေအရ မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုလုပ်ဖို့ မြန်မာကျောင်းသားများသမဂ္ဂအဖွဲ့ ( ဗြိတိန်နဲ့အိုင်ယာလန်) က လန်ဒန်မြို့ Westminster တံတားပေါ်မှာ စနေနေ့ကစလို့ အစာငတ်ခံ ဆန္ဒပြရင်း ဗြိတိန်အစိုးရကို တောင်းဆိုနေကြောင်း သမဂ္ဂဥက္ကဌ ကိုကျော်မင်းဟန်က VOA ကို ပြောပါတယ်။

" UK အစိုးရကိုပေါ့နော် ကျနော်တို့ တောင်းဆိုနေတာက Terrorism Act 2000 အရ စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒါကို ကြေညာမှ သူတို့ရဲ့ Access (ပိုင်ဆိုင်မှု အခွင့်အလမ်း)တွေကို ပိတ်သိမ်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က တောင်းဆိုနေရခြင်း ဖြစ်ပါတယ်။ ဒုတိယ တောင်းဆိုချက် တခုက ဒီ ယူကေမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေ ၊ နိုင်ငံရေး အခြေအနေကြောင့် လုံခြုံမှုမရှိပဲ ပြန်လို့မရ ဖြစ်နေတဲ့ မြန်မာပြည်သူတွေကိုပေါ့နော် ။ Protection Visa ပေးဖို့ကို ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ "

(၇၂)နာရီကြာမယ့် ဒီ အစာငတ်ခံဆန္ဒပြပွဲကို ဧပြီ(၂၄) မနက်(၉)နာရီက စတင်ခဲ့တာဖြစ်ပြီး ဧပြီ(၂၇) မနက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လန်ဒန်က အစာငတ်ခံ ဆန္ဒပြပွဲ

နယ်သာလန်နိုင်ငံမှာတော့ မြန်မာ့အရေး နယ်သာလန်နိုင်ငံသားတွေ ပိုသိလာအောင်နဲ့ NUG အစိုးရကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ (Noorl Wigk, lisse , Hergon) နော့ဗိုက်မြို့ ၊ လစ္စလီမြို့နဲ့ ဟဲလီဂွန် မြို့တွေမှာရှိတဲ့ ကျူးလစ်ပန်းခင်း လွင်ပြင်ကြားမှာ မြန်မာမိသားစုတွေက ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

" CRPH ကနေ ဖွဲ့စည်းထားတဲ့ NUG အစိုးရကို နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက မြန်မာပြည်သူတွေ အားလုံးနဲ့အတူ ထပ်တူထပ်မျှ ထောက်ခံပါတယ်။ "

" ကျမတို့ နယ်သာလန်ရောက် မြန်မာအားလုံးက အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်း ပြသဖို့ ဒီနေ့ ဆန္ဒဖေါ်ထုတ်နေကြတာ ဖြစ်ပါတယ်။ "

မဆွေဆွေအေးနဲ့ မမေမြတ်မော်တို့ ပြောသွားကြတာပါ။

အလားတူ အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ် Allentown မြို့က ပါချုပ်ဆရာတော်ကြီး တည်ထောင်ထားတဲ့ အနန္တသစ္စာ ဘုန်းကြီးကျောင်းမှာ မြန်မာမိသားစုတွေက CRPH နဲ့ CDM တွေအတွက် ရံပုံငွေရှာတဲ့ ဈေးရောင်းပွဲတခု လုပ်နေကြောင်း ဆူရှီလုပ်ငန်းရှင် ကိုနူးနူးက ပြောပါတယ်။

" ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် စျေးရောင်းပွဲ လုပ်နေပါတယ်။ ရာသီဥတုကလည်း သာယာတော့ လူတွေက ဒီမှာ အများကြီးပဲ လာရောက်အားပေးကြပါတယ်။ ကျနော်တို့ ရှမ်းခေါက်ဆွဲ၊ မာလာရှမ်းကော၊ အုန်းစိမ်းဖျော်ရည်၊ ဖာလူဒါ၊ အကြော်စုံ၊ သင်္ဘောသီးထောင်း၊ မုန့်ဖက်ထုတ် ပေါက်ဆီ .. ဒီရောင်းရတဲ့ ငွေတွေအားလုံးကို အလှူငွေအဖြစ် ထည့်ဖို့ လုပ်နေတဲ့ပွဲ ဖြစ်တဲ့အတွက် အားလုံးကလည်း စိတ်အား ထက်သန်စွာနဲ့ အများကြီး လာရောက်အားပေးကြပါတယ်။ "

Pennsylvania Allentown

ဒါ့အပြင် ဂျပန်နိုင်ငံ နာဂိုယာမြို့က မြန်မာ့ဒီမိုကရေစီရေး အင်အားစု ၊ ဂျပန်ကုမ္ပဏီတခုနဲ့ ဂျပန် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတခု တို့ကလည်း ထိုင်းမြန်မာနယ်စပ် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ နယ်စပ်ကို ခိုလှုံလာတဲ့ Gen Z ကျောင်းသားကျောင်းသူတွေ အတွက် ဂျပန်ယန်းငွေ (၉)သိန်းကျော်ကို ပေးပို့လှူဒါန်းခဲ့သလို ၊ မြန်မာ့အရေး ဘာတွေ ရှေ့ဆက်လုပ်ကြမလဲဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတွေကို ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာလည်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/protest-against-military-coup-in-uk-us-netherland/5866300.html

စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပမှာ ဆက်ဖြစ်ဆဲ စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပမှာ ဆက်ဖြစ်ဆဲ Reviewed by THITHTOOLWIN on 06:28 Rating: 5

No comments:

Powered by Blogger.