နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးတောင်းဆိုချက် အာစီယံကြေညာချက် ထဲက ပြုတ်ကျန်ခဲ့တဲ့ ပဟေဠိ

မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးပြုလုပ်နေစဉ် ဆန္ဒပြနေသူများ (April 24, 2021)

စနေနေ့က ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး အထူးအစည်းအဝေး အပြီးမှာ ထုတ်ပြန်ဖို့ သောကြာနေ့က ရေးဆွဲထားတဲ့ သဘောတူညီချက်မူကြမ်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အချက်တချက်လည်း ပါဝင်တယ်လို့ ဒီကြေညာချက်နဲ့ပတ်သက်ပြီး သိရှိတဲ့ သတင်းအရင်းအမြစ် ၃ ခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အစည်းဝေးအပြီး တကယ်တမ်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆိုတဲ့အချက်အတွက် လေ ျှာ့ပေါ့ပြောထားတာကို မမေ ျှာ်လင့့််ပဲ တွေ့ရသလို နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ သေသေချာချာလည်း ထည့်မပြောထားဘူးလို့ သတင်းအရင်းအမြစ် ၂ ခုက ပြောကြောင်း ဖေါ်ပြပါတယ်။

အာဆီယံက ထုတ်ပြန်လိုက်တဲ့ ဘုံသဘောတူညီမှုထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး အာဆီယံ အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုး မပြတဲ့အတွက် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ လူ့အခွင့်ရေး လှုပ်ရှားသူတွေကို စိတ်ပျက်စေသလို အခုကျင်းပခဲ့တဲ့ အစည်းအဝေး သိပ်မရာမထင် ဘူးလို့လည်း ဝေဖန်မှုတွေ တိုးလာနေတာပါ။

မြန်မာနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ အာဆီယံအစည်းဝေးကနေ ထုတ်ပြန်တဲ့ အားလုံး သဘောတူညီမှုရတဲ့ အချက် ၅ ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မပါဝင်ပေမယ့် ၊ အာဆီယံ အလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပါဝင်နေတယ်လို့ ကြားသိရကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားတာပါ။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်ရဲ့ အဖမ်းဆီးခံရသူ ၃၃၀၀ ကျော်ရှိနေတာဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်နဲ့တကွ လွှတ်တော်အမတ် အတော်များများလည်း အဖမ်းဆီးခံနေရတာပါ။

အာဆီယံ အထူးအစည်းအဝေး အပြီးမှာ အာဆီယံခေါင်းဆောင်တချို့နဲ့ သံတမန်တွေက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ပါ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတဲ့ သဘောမျိုး ပြောဆိုချက်တွေကြောင့် ဒါနဲ့ပတ်သက်ပြီး နားလည်မှုတွေ ရှုပ်ထွေးခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ပြောင်းလဲထုတ်ပြန် ခဲ့တာအတွက် အံ့အားသင့်ခဲ့ရကြောင်း ကြေညာချက် မူကြမ်းဖတ်ရှုရတဲ့ အမည်မဖေါ်လိုသူ ၂ ဦးက ရိုက်တာကို ပြောပေမယ့် ဘယ်အချိန်မှာ ဘယ်လို ပြောင်းပစ်ခဲ့တယ် ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ဒီ ကြေညာချက်မူကြမ်းကိုတော့ ရိုက်တာက ကိုယ်တိုင် မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အခုထိတော့ မတုန့်ပြန်သေးဘူးလို့လည်း ဖေါ်ပြထားပါတယ်။ 


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/why-asean-missing-to-demand-to-free-political-prisoners/5866327.html

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးတောင်းဆိုချက် အာစီယံကြေညာချက် ထဲက ပြုတ်ကျန်ခဲ့တဲ့ ပဟေဠိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးတောင်းဆိုချက် အာစီယံကြေညာချက် ထဲက ပြုတ်ကျန်ခဲ့တဲ့ ပဟေဠိ Reviewed by THITHTOOLWIN on 06:21 Rating: 5

No comments:

Powered by Blogger.