လူသတ်မှု ဆက်မလုပ်ရန် မြန်မာစစ်ခေါင်းဆောင်အား အာဆီယံ သတိပေး


(၂၄-၄-၂၀၂၁)

လူသတ်မှုတွေချက်ခြင်းရပ်ပြီး ဖမ်းဆီးထားသူတွေကို အမြန်ုဆုံးပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဒီနေ့ ကျင်းပတဲ့ အာဆီယံ အရေးပေါ်အစည်းဝေးကနေ အခုလို တောင်းဆိုလိုက်တာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo ကပြောပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ ဒါတွေ ဆက်မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရမယ်။ ဒီမိုကရေစီ၊ တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေး ပြန်ရအောင် ချင်ခြင်းဆောင်ရွက်ရမယ်” လို့ သမ္မတ Widodo က အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “မြန်မာပြည်သူလူထုရဲ့ လိုလားချက်ကိုသာ အဓိက ဦးစားပေးရမယ်” လို့လည်း အင်ဒိုသမ္မတက သတိပေးခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ပစ်ခတ်မှုတွေ နေ့စဉ်ဖြစ်နေပြီး ငြိမ်းချမ်းစွာဆန္ဒပြသူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေ က ပြောထားပါတယ်။

ဒါပေမယ့် ဒီပြောဆိုချက်အပေါ် လူသတ်မှုအတွက် အဓိကတာဝန်ရှိသူ မင်းအောင်လှိုင်က ဘယ်လိုတုန့်ပြန်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါဟာ အာဏာပြီးကတည်းက မြန်မာစစ်ဗိုလ်ချုပ်ရဲ့ ပထမ ဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ အခု အာဆီယံ အရေးပေါ် အစည်းအဝေးကနေ “လက်ရှိအခြေအနေဆိုးကနေ မြန်မာပြည်သူတွေလွတ်မြောက်ရေး ကူညီနိုင်မယ့် နည်းလမ်း သဘောတူညီချက်တခုခု ရလာမယ်” လို့ မျှော် လင့်နေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ကတည်းက အာဆီယံ အလှည့်ကျဥက္ကဌ ဘရူးနိုင်းနိုင်ငံကနေ -ပြသာနာတွေကို ဆွေးနွေးအဖြေရှာဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့- စသဖြင့် သိပ်အားမပြင်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတွေရဲ့ဖိအားပေးမှုကြောင့် နောက်ဆုံးမှာတော့ အာဆီယံ ၁၀ နိုင်ငံစလုံးက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက အခြေအနေကို ကမ္ဘာကလက်မခံနိုင်တဲ့အကြောင်း ပြောဆိုဖို့ အခု အရေးပေါ်အစည်း အဝေးခေါ်တဲ့အဆင့်ထိ ရောက်လာခဲ့တာပါ။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဆိုရင် -မြန်မာနိုင်ငံက လူသတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဆီး စစ်ဆေးဖို့- အိမ်ရှင် အင်ဒိုနီးရှားနဲ့ အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။ 

အင်ဒိုနီရှားက လူ့အခွင့်အရေးလှုပ်ရှားသူတွေ ရာနဲ့ချီပြီး မင်းအောင်လှိုင်းအား ဖမ်းဆီးအရေးယူဖို့ အစည်းအဝေးခန်းမရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဒါတွေကိုကြိုသိတဲ့အတွက် အင်ဒိုနီးရှားအစိုးရက ရဲအင်အား ၄,၃၀၀ ကျော်အထိ ချပြီး လုံခြုံရေး ယူပေးခဲ့ရပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့  ဖိလစ်ပိုင်သမ္မတို့ကတော့ ဒီအစည်းဝေးကို မတက်ရောက်ပဲ နိုင်ငံခြားရေးဝန်ကြီးတွေကိုသာ စေလွှတ်ခဲ့ပါတယ်။ ကျန် ၇ နိုင်ငံစလုံးက နိုင်ငံခေါင်းဆောင် အဆင့်တွေတက်ရောက်ခဲ့ပြီး ဒါဟာ တနှစ်ကျော်ကာလအတွင်း ပထမ ဆုံးအကြိမ် အာဆီယံ လူကြီးမင်းများ လူချင်းတွေ့ဆုံတဲ့ ဆွေးနွေးပွဲတခုလည်းဖြစ်ပါတယ်။

အာဆီယံရဲ့ အခု သတိပေးချက်အပေါ် အာဏာသိမ်းစစ်အုပ်စု မင်းအောင်လှိုင်ဖက်က ဘယ်လိုတုန့်ပြန်သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံတွင်းမှာတော့ မနေ့ကစပြီး ဆန္ဒပြပွဲတွေဟာ ရန်ကုန်မြို့လယ်အထိ ပြန်ရောက်လာတာ၊ ဆန္ဒပြသူ ဦးရေ ပြန်များလာတာတွေ တွေ့နေရပါတယ်။







Burma News Network

https://www.facebook.com/burmanewsnetwork

လူသတ်မှု ဆက်မလုပ်ရန် မြန်မာစစ်ခေါင်းဆောင်အား အာဆီယံ သတိပေး လူသတ်မှု ဆက်မလုပ်ရန် မြန်မာစစ်ခေါင်းဆောင်အား အာဆီယံ သတိပေး Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.