ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ဖြင့်ချိန်ပြီးဖမ်းခေါ်သွား


ဧပြီ ၂၃ရက် ၂၀၂၁

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့  ရှမ်းလူငယ်အဖွဲ့ဝင်တဦး ဖြစ်သည့် စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီ မှ ယနေ့ (ဧပြီ ၂၃)ရက် မနက်ပိုင်း (၁၁) နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်တွင်နေထိုင်သည့် အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းငယ် ကို  အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ဖြင့်ချိန်ကာ အကြောင်းမဲ့  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျိုင်းတုံဒေသခံ လူငယ်တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ စိုင်းငယ်ကို လာခေါ်တုန်းက ရဲ၊စစ်တပ်က အရပ်ဝတ်တွေနဲ့လာတယ်။ သေနတ်နဲ့ချိန်ပြီး ဖမ်းခေါ်သွားတာ။ ဘာကြောင့်ခေါ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းလူငယ်က ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ စိုင်းငယ်၏ နေအိမ်ကိုလာရောက်ရှာဖွေပြီး၊ ၎င်းသည် နေအိမ်တွင် မရှိနေသဖြင့် ပြန်သွားကြောင်း သိရသည်။

“ သူက ရပ်ရွာ သာရေး၊နာရေး မှာ ပါဝင်တဲ့သူဖြစ်သလို ရှမ်းလူငယ်အဖွဲ့က (TYO)မှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့သူတယောက်ပါ” ဟု ကျိုင်တုံးမှ TYO အဖွဲ့ဝင် လူငယ်တဦး က ပြောသည်။

TYOလူငယ်တဦးဖြစ်သူ စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီမှ သေနတ်ဖြင့် ချိန်ပြီး ဖမ်းဆီးသွားခြင်းသည် သျှမ်းလူငယ်၊ သျှမ်းလူထု အသိုင်းအဝန်းကို ကြောက်အောင် ခြိမ်းခြောက်လိုက်သည့် သဘောဖြစ်ကြောင်းလည်း ကျိုင်းတုံ ဒေသခံများက ပြောသည်။

“ ကျိုင်းတုံက လူငယ်တွေ ၊အဓိက သျှမ်းလူငယ်တွေ စစ်အာဏာရှင်ကို ဆန္ဒမပြရဲအောင် နောက် အဖွဲ့အစည်းတွေ မှာ မလုပ်ရဲအောင် ပြလိုက်တဲ့သဘောပါပဲ။ ဒါက စစ်ကောင်စီ တွေလုပ်နေတဲ့ လုပ်ရက်ပဲလေ” ဟု ကျိုင်းတုံ မှ TYO လူငယ်က ထပ်လောင်းပြောသည်။

ကျိုင်းတုံမြို့တွင် TYO အဖွဲ့ဝင် စိုင်းငယ်အပါအဝင် စစ်အာဏာကို ဆန့်ကျင်သည့်လူငယ် (၁၄)ဦး ဖမ်းဆီးခြင်းခံထား ရကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ဖြင့်ချိန်ပြီးဖမ်းခေါ်သွား ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ဖြင့်ချိန်ပြီးဖမ်းခေါ်သွား Reviewed by THITHTOOLWIN on 21:30 Rating: 5

No comments:

Powered by Blogger.