စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေ တောင်းဆို

အမေရိကန်ရောက်မြန်မာတွေကလည်း MOGE ကို အရေးယူပိတ်ဆို့ဖို့ ဘဏ္ဍာရေးဝန်ကြီးရုံးရှေ့မှာ တောင်းဆိုခဲ့ကြ

လက်ရှိမှာ စစ်ကောင်စီအောက်ရောက်နေတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဆီငွေကြေးစီးဆင်းတာရပ်သွားအောင်လုပ်ဖို့ အပါအဝင် မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေက စုပေါင်းတောင်း ဆိုလာပါတယ်။

ဒီမိုကရက်ရောနဲ့ရီပတ်ပလင်ကန် နှစ်ပါတီ အထက်လွှတ်တော်အမတ်တွေက စုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဆီ စာပေးပို့ တောင်းဆိုလိုက်တာပါ။

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မြင့်တက်နေတာကို ကြုံနေရချိန်မှာ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီအတွက် ရုန်းကန်ကြိုးစားမှုကို ထောက်ပံ့နိုင်မယ့်နည်းလမ်းအသစ်တွေရှာပေးဖို့ဆိုပြီး အထက်လွှတ်တော်အမတ် ၆ ဦးက တောင်းဆိုပါတယ်။

ဒါ့ပြင် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ အတူ အကျိုးတူ ပူးပေါင်းနေတဲ့ Chevron စွမ်းအင်လုပ်ငန်းကြီးရဲ့ငွေကြေးတွေ စစ်ကောင်စီလက်ထဲ ဆက်မရောက်စေရေး သမ္မတဂျိုးဘိုင်ဒ်အစိုးရကို လုပ်စေချင်တဲ့အကြောင်းလည်း လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

ရတနာစီမံကိန်းမှာ Chevron နည်းတူ ထိုင်းစွမ်းအင်ကုမ္ပဏီ Total လည်း အကျိုးတူပါဝင်ပြီး အရပ်သားအစိုးရလက်ထက်တုန်းကတော့ ဒီလို သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဆီကနေ ပြည်ပဝင်ငွေသိသိသာသာရခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရတာ၊ အရပ်သားရာချီသေဆုံးနေရတာတွေကြောင့် စွမ်းအင်ကုမ္ပဏီကြီးတွေနဲ့ စစ်တပ်ကို အားပေးရာရောက်တဲ့ငွေကြေးလွှဲပြောင်းမှုတွေ ခေတ္တရပ်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေ တောင်းဆို  စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေ တောင်းဆို Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.