ရန်ကုန်တိုင်းဝန်ကြီးဟောင်းဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်ထား

 ရန်ကုန်တိုင်းဝန်ကြီးဟောင်းဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်ထား

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းထဲက ဝန်ကြီးဌာန ၃ ခုကို တာဝန်ယူခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်ကို ငွေကျပ် သိန်းပေါင်း ၃,၆၄၀ ကျော် အဂတိလိုက်စားမှုနဲ့ ဧပြီလ ၂၇ ရက်ကစလို့ အမှုဖွင့် အရေးယူထားတယ်ဆိုပြီး စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်ထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ကိုးကားကာ စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒေါ်နီလာကျော်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်နဲ့စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၃ ခုကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။

သူဟာ အရည်အသွေးထိန်းချုပ်ရေးကုမ္ပဏီရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန် လုပ်ပိုင်ခွင့်ကိုသုံးပြီး ခင်မင်ရင်းနှီးတဲ့ကုမ္ပဏီကို လုပ်ငန်းချပေးတာ၊ အဲဒီကုမ္ပဏီကနေ ငွေကျပ် သိန်းပေါင်း ၃,၆၄၀ ကျော် ရယူခဲ့တာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့်လို့ သတင်းမှာဖော်ပြပါတယ်။

ဒီလိုစစ်ဆေးဖို့ တိုင်ကြားစာရခဲ့တာဖြစ်ပြီး အခုတော့ သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ရန်ကုန်က ကမာရွတ်ရဲစခန်းမှာ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်၊ တရားစွဲဆိုဖို့ လုပ်နေတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြောထားပါတယ်။

လက်ရှိမှာ ဒေါ်နီလာကျော်ဟာ အင်းစိန်ထောင်ထဲ ထိန်းသိမ်းခံထားရပြီး ဒေါ်နီလာကျော် ထောင်ထဲမှာရှိတယ်ဆိုတာကို အခုလဆန်းပိုင်းက လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်က ဘီဘီစီကို အတည်ပြုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကုန်တိုင်းဝန်ကြီးဟောင်းဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်ထား  ရန်ကုန်တိုင်းဝန်ကြီးဟောင်းဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်ထား Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.