အာဆီယံ ဘုံသဘောတူညီချက်မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးမပါ

အာဆီယံ ဘုံသဘောတူညီချက်မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးမပါ ၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် မြန်မာ့အရေး အာဆီယံ အရေးပေါ်အစည်းအဝေး ကျင်းပစဉ်။ Photo- AFP / Indonesian Presidential Palace


ဆန္ဒပြ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ရှင်းရှင်းလင်းလင်း တုန့်ပြန်ခဲ့တာမရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်ဖို့အတွက် အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ဆွေးနွေးအဖြေရှာကြဖို့၊ မြန်မာနိုင်ငံကို အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ … အပါအဝင် သဘောတူညီချက် ငါးချက်ကို ဧပြီ ၂၄ ရက်နေ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေး အပြီးမှာ ထုတ်ပြန်လိုက်တာပါ။

အစည်းအဝေးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) က… “မြန်မာနိုင်ငံက အခြေအနေတွေဟာ လက်ခံနိုင်စရာမရှိဘဲ ချက်ချင်း ရပ်တန့်ရမှာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် ချက်ချင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်"… လို့ အေပီ သတင်းဌာနက ဖော်ပြပါတယ်။

သမ္မတ ဝီဒိုဒိုရဲ့ သီးသန့်ထုတ်ပြန်ချက်မှာ… မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကို အဓိကဦးစားပေးရမှာ ဖြစ်ကြောင်း၊ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ချက်ချင်းစဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ဖို့ တောင်းဆိုထားပါတယ်။

မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ကတော့ "ဒီကနေ့ အစည်းအဝေးဟာ မျှော်လင့်ထားတာထက် အောင်မြင်ခဲ့တယ်" လို့ အစည်းအဝေးပြီး သတင်းထောက်တွေကို ပြောပါတယ်။

"ဒီအကျပ်အတည်း ဘယ်သူ့ကြောင့် ဖြစ်ရတယ်ဆိုတာ ကျနော်တို့ အဓိက မထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုတာမျိုး မလုပ်ပါဘူး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကိုပဲ ကျနော်တို့ အဓိက ပြောခဲ့ပါတယ်" လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က… ဒီပြဿနာတွေဟာ တခြားတစ်ဘက်ကြောင့် ဖြစ်ရတာလို့ ပြောပေမယ့် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကိုတော့ သဘောတူခဲ့တယ်"… လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ကို သူ့အနေနဲ့ ကြားသိရပြီဖြစ်ကြောင်း၊ သူ့အနေနဲ့ ထည့်သွင်း စဉ်းစားမယ့်အကြောင်း ပြောဆိုခဲ့တယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာ့အရေးမှာ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍနဲ့ အာဆီယံကိုယ်စားလှယ်တွေ လာရောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးရေးကိုလည်း မြန်မာစစ်ခေါင်းဆောင်ဘက်က ငြင်းဆန်တာ မရှိခဲ့ဘူးလို့ စင်္ကာပူဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စတွေ ရှေ့ဆက်ဆောင်ရွက်ဖို့ အချိန်ကြာမြင့်ဦးမှာ ဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကျန်နေသေးကြောင်း စင်္ကာပူဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဘက်ကတော့ ဒီကနေ့ အစည်းအဝေးအပြီးမှ ဘာမှပြောဆိုတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီပိုင် မြဝတီရုပ်မြင်သံကြားရဲ့ ည ၈ နာရီသတင်းမှာတော့ မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေအပါအဝင် အနာဂတ်မှာ အကောင်အထည် ဖော်မယ့် လုပ်ငန်းစဉ်တွေအတွက် အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး ထုတ်လွှင့်သွားပါတယ်။

အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ Charles Santiago က… မြန်မာနိုင်ငံက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး အချိန်ဇယားတစ်ခု သတ်မှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို NUG အနေနဲ့ ကြိုဆိုကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ပါတယ်။

ဒီချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အာဆီယံအနေနဲ့ ပြတ်ပြတ်သားသား ဆက်လက်လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/asean-meeting-myanmar-military-coup-04242021152230.html

အာဆီယံ ဘုံသဘောတူညီချက်မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးမပါ  အာဆီယံ ဘုံသဘောတူညီချက်မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးမပါ Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.