ပဲခူးမှာ ပရဟိတအဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်နေရ



အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသွားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ထားတဲ့ အာဇာနည်ဂူဗိမာန်ကို စစ်ကောင်စီက ဖျက်ခိုင်းခဲ့ပြီး၊ ဒီဗိမာန်ကို တည်ဆောက်တယ်လို့ ယူဆခံရတဲ့ ပရဟိတအဖွဲ့ဝင်တွေကို လိုက်ပြီးဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကလျာဏမိတ္တ ပရဟိတအဖွဲ့က ဦးကုလားကို စစ်ကောင်စီက ဧပြီ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး တပ်မတော်ကို အကြည်ညိုပျက်စေမှု ၅ဝ၅ (က)၊ ပို့ကုန်သွင်းကုန် ဥပဒေတွေနဲ့ အမှုဖွင့်ထားပါတယ်။

ဦးကုလားဟာ အာဇာနည်ဂူဗိမာန်အတွက် ဆောင်ရွက်ပေးသူလို့ယူဆပြီး ဖမ်းဆီးတာဖြစ်တယ်လို့ ပဲခူးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးကုလားရဲ့မိတ်ဆွေက RFA ကို ပြောပါတယ်။

ဒီဂူဗိမာန်တွေကို ဖျက်ပေးဖို့ စစ်ကောင်စီက ပဲခူးမြို့မှာရှိတဲ့ ပရဟိတအဖွဲ့ ၁၇ ဖွဲ့ကို ဧပြီ ၁၈ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပရဟိတအဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပြီးနောက်ရက် ဧပြီ ၁၉ ရက်နေ့မှာပဲ ဦးကုလား ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အာဇာနည်ဂူဗိမာန်ဟာ ဆင်ဖြူကွင်းသင်္ချိုင်းနဲ့ဆက်နေတဲ့ မြေကွက်တစ်ခုမှာ သီးသန့်ထားရှိတာ ဖြစ်ပါတယ်။

အဲဒီနေရာကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း သေဆုံးသွားသူရဲ့ အုတ်ဂူနဲ့ စတင်ခဲ့တာဖြစ်ပြီး နှစ်ငါးလုံး အရေးတော်ပုံမှာ ပစ်သတ်ခံရသူအပါအဝင် စုစုပေါင်း ငါးဦးရဲ့ ရုပ်အလောင်း တွေကို တစုတစည်းတည်း မြှုပ်နှံထားတာဖြစ်ပါတယ်။

အာဇာနည်ဂူဗိမာန်တွင်း မြှုပ်နှံထားတဲ့ အုတ်ဂူတွေမှာ နာမည်၊ အသက်နဲ့ ဓာတ်ပုံတွေကို အနက်ရောင် ကြွေပြားကပ် ဖော်ပြထားပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေအဖြစ် ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆန္ဒပြပွဲမှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီက သိမ်းယူတာတွေ လုပ်လာတဲ့နောက်ပိုင်း ဒေသခံတွေနဲ့ မိသားစုတွေက ရက်မကူးဘဲ မီးသင်္ဂြိုဟ်ခဲ့ရတာတွေလည်း ရှိသလို၊ တချို့ သိမ်းဆည်းခံရတဲ့ ရုပ်အလောင်းတွေဟာလည်း ပြန်မရတာတွေကြောင့် အာဇာနည်ကုန်းမှာ ဂူသွင်းသင်္ဂြိုဟ်တာမျိုးတွေ မလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီအာဇာနည်ကုန်းကိုလည်း ဧပြီ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ညတွင်းချင်း အပြီး ဖျက်ခိုင်းတာ ကြောင့် ဖျက်ပေးလိုက်ရတယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။

ဧပြီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ပစ်ခတ်သတ်ဖြတ်ခံရသူ ၈၂ ဦးရှိပြီး သေဆုံးသူတချို့ရဲ့ ရုပ်အလောင်း တွေကို မိသားစုဝင်တွေ အခုထိ မရရှိသေးဘူးလို့ ပရဟိတအဖွဲ့ဝင်တွေက ဆိုပါတယ်။

လောလောဆယ် ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေက နေရာအနှံ့မှာ တပ်စွဲထားပြီး ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ ပရဟိတအဖွဲ့ဝင်တွေနဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးစစ်ဆေးတာတွေ တောက်လျှောက်လုပ်နေတာကြောင့် ဆန္ဒပြပွဲတွေ မရှိသလောက် နည်းသွားပြီး မြို့ခံတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

RFA Burmese



ပဲခူးမှာ ပရဟိတအဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်နေရ ပဲခူးမှာ ပရဟိတအဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.