ဆေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုကြောင့် လူထုအသက်ကယ်ဆယ်ရေး ထိခိုက် (ကုလ ပြောခွင့်ရ)

မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၃ ရက်နေ့က ရန်ကုန်ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဆေးရုံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၂၈ ကြိမ် ရှိခဲ့ပြီး ကျောင်းတွေနဲ့ ပညာရေး ဝန်ထမ်းတွေ အပေါ် တိုက်ခိုက်ခံရမှုက အနည်းဆုံး ၇ ခု ရှိခဲ့ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

“စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားတွေ အပေါ် တိုက်ခိုက်မှု၊ လူနာတင်ယာဉ်တွေ တိုက်ခိုက်မှုဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ ထိခိုက်ဒဏ်ရာရကြတဲ့ အရပ်သားတွေကို အသက်ကယ် အကူအညီပေးနိုင်ရေးကို အဟန့်အတား ဖြစ်စေတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေပြီး နိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး စနစ် အပေါ်မှာ ထိခိုက်သက်ရောက်မှုတွေဟာ အထူး စိုးရိမ်ဖွယ် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ကလည်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနလာင်္နေ့ ဧပြီလ ၅ ရက်နေ့မှာဘဲ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းက ပရဟိတယ ဆေးခန်းတခုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ပြီး ဆရာဝန်တွေ အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့သူက ဗွီအိုအေကို ပြောပါတယ်။

"ညောင်တုန်းလမ်း ဓမ္မာရုံက ဟိုးတုန်းကတည်းက စပြီးအရေးအခင်းတွေ ဖြစ်တဲ့အချိန်ကတည်းက ဆေးခန်းတွေ ပိတ်တယ်ဆိုတော့ ပရဟိတအနေနဲ့ ဆေးခန်းလေးတွေ ဖွင့်ပေးထားတာ။ ဆရာဝန်ပါသွားတယ်။ အားလုံးပေါင်း ၉ ယောက်ပါသွားတယ်။ နေ့လည် ၂ နာရီက ဝင်ပြီးတော့ ဆေးပစ္စည်းတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ လမ်းမှာ တပ်တဲ့ CCTV တပ်တယ်လေ။ အဲဒီပစ္စည်းတွေလည်း အကုန်သယ်သွားတယ်။ ဆေးတွေလည်း ယူသွားတယ်။ ဓမ္မာရုံက ပိုက်ဆံတွေလည်း ယူသွားတယ်။ အကုန်လည်း ဖျက်ဆီးသွားတယ်။"

ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ တချိန်တည်းမှာဘဲ ကရင်ပြည်နယ်တွင်းက ဒေသတချို့ အပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စာသင်ကျောင်းတွေ ပျက်စီးတဲ့ သတင်းတွေလည်း ရှိနေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-crack-down-on-health-workers-un-/5843239.html

ဆေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုကြောင့် လူထုအသက်ကယ်ဆယ်ရေး ထိခိုက် (ကုလ ပြောခွင့်ရ) ဆေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုကြောင့် လူထုအသက်ကယ်ဆယ်ရေး ထိခိုက် (ကုလ ပြောခွင့်ရ) Reviewed by THITHTOOLWIN on 09:40 Rating: 5

No comments:

Powered by Blogger.