ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော ၂၀၂၁ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စမ်းချောင်းမြို့နယ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ဖြိုခွဲစဉ်။ Photo: RFA

ဆန္ဒပြဖော်ထုတ်တာတွေကို ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စစ်ကောင်စီဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌတွေကို နေပြည်တော်မှာ ဧပြီလ ၆ ရက် ဒီနေ့မနက်ပိုင်းက ခေါ်ယူတွေ့ဆုံပြီး မိန့်ခွန်းပြောရာမှာ အခုလို ပြောခဲ့တာပါ။

ဖေဖော်ဝါရီ ၃ ရက်ကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ကျည်အစစ်နဲ့ မပစ်ဘဲ ရာဘာကျည်နဲ့သာ ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုတွေကြောင့် ရဲ ၁၆ ဦး၊ ဆန္ဒပြသူ ၂၄၈ ဦး သေဆုံးခဲ့ကြောင်း၊ မီဒီယာတွေက အဖြစ်မှန်ကိုမဖော်ပြဘဲ ရိုးရိုးသားသားဆန္ဒပြမှုအဖြစ် ပုံဖော်နေကြောင်း၊ CDM လှုပ်ရှားမှုဟာ နိုင်ငံဖျက်တဲ့လှုပ်ရှားမှု (Country Destroyer Movement) ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်ဆန္ဒပြပွဲမှာ ကျည်အစစ်နဲ့ပစ်ခတ်ခံရတဲ့ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ ‌သေဆုံးသူငါးရာကျော် ရှိခဲ့ရာမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတဲ့ သက်သေအထောက်အထား မှတ်တမ်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြည်တွင်းသာမက နိုင်ငံတကာ သတင်းမီဒီယာတွေကပါ ဖော်ပြနေချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငြင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် စစ်အာဏာသိမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းရာမှာ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအစိုးရကို နှိုင်းယှဉ်ဝေဖန်ပြီး… "အာဏာသိမ်း" တာမဟုတ်ဘဲ "ခေတ္တတာဝန်ယူထိန်းသိမ်း" တာလို့ ထပ်ပြီး ပြောသွားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် NLD ပါတီအစိုးရလက်ထက်မှာ ပြည်သူလူထုကရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ အားမလို အားမရ စိတ်ပျက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက လွှတ်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံဥပဒေ ပြဋ္ဌာန်းခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက်မှာ နိုင်ငံတကာ အထောက်အပံ့ အများအပြားရရှိခဲ့ပေမယ့် ဘဏ္ဍာငွေနဲ့ ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်သူလူထုက No Vote လှုပ်ရှားမှုတွေ ဆောင်ရွက်လာတာ တွေ့ရကြောင်းလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရာဘာကျည်အသုံးပြု ဖြိုခွဲနှိမ်နင်းရာကနေ ကျည်အစစ်တွေ အသုံးပြုခဲ့တဲ့ အပြင်၊ တိုက်ပွဲတွေမှာသာ အသုံးပြုတဲ့ လက်ပစ်ဗုံးနဲ့ လက်နက်ကြီးတချို့ကိုပါ သုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက အထောက်အထားတွေနဲ့ ပြောကြားထားပါတယ်။

ဒီလို ကျည်အစစ်နဲ့ ပစ်ခတ်တာ၊ အကြမ်းဖက် အင်အားသုံး နှိမ်နင်းတာတွေကြောင့် အာဏာသိမ်းအပြီး ပစ်ခတ်သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူ စုစုပေါင်း ၅၀၀ ကျော်ရှိသွားပြီး အရေအတွက် အတိအကျ မသိနိုင်တဲ့ ပြည်သူ အများအပြားလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/minaugnhlaing-military-coup-04062021140403.html

ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော Reviewed by THITHTOOLWIN on 09:42 Rating: 5

No comments:

Powered by Blogger.