ရေးတောင်ပိုင်းနဲ့ ဘီးလင်းမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ဒူးပလာယာခရိုင် က ကေအင်ယူတပ်ဖွဲ့များ

ကရင်ပြည်နယ်တွင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်ဖွဲ့တွေကြား ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ရေးတောင်ပိုင်း ဝင်းရေးမြို့နယ်ထဲမှာ မနေ့ညပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့သလို တပ်မဟာ ၁ နယ်မြေ သထုံခရိုင် ဘီးလင်းမြိုနယ်ထဲမှာလည်း တနင်္လာနေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက အေပြီလ တလတာ အပစ်အခပ်ရပ်စဲကြောင်း ကြေညာထားပေမယ့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးတပ်တွေနဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတာပါ။ မနေ့ကနဲ့ တနေ့ကတော့ ကေအန်ယူတပ်မဟာ (၁)နဲ့ တပ်မဟာ(၆)နယ်မြေတွေထဲ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မနေ့ညတုန်းကတိုက်ပွဲအခြေအနေကိုတော့ကေအန်ယူ တပ်မဟာ(၆)ဒူးပလာယာခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုစောအက်ဒဝပ် က အခုလိုပြောပြပါတယ်။

"ဝင်းရေးမြို့နယ်ထဲမှာ ရေးတောင်ပိုင်းက မာန်အောင်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်တယ်။ တပ်မဟာ(၆)သတင်းပို့တယ်။ ရန်သူဘက်က ၅ ယောက်ကျတယ်။ ဒီအတိုင်းပဲသူပစ်ကိုယ်ပစ်လိုက်ပစ်တာ ။ သူတို့ဘက်ကအုပ်စု ၂အုပ်စုတောင်မှ လမ်းမှာ တိုက်ပွဲဖြစ်တာ။ ရန်သူဘက်က ၅ ယောက်ကျတယ်။ ကျနော်တို့ဘက်ကတော့မကျဘူး။ အဲဒီမှာတိုက်ပွဲမဖြစ်တာတော့ကြာပြီ။ တိုက်ပွဲဖြစ်ပြီး အရမ်းလိုက်ပစ်တော့ အရပ်သားတဦးဆိုင်ကယ်စီးသွားတဲ့လူကိုလည်းအရမ်းလိုက်ပစ်တာတယောက်ထိသွားတယ်"

ကေအန်ယူတပ်မဟာ(၁) ထိန်းချုပ်ထားတဲ့ ဘီးလင်းမြိုနယ်ထဲမှာတော့ တနင်္လာနေ့ မနက်ပိုင်းမှာတိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်လူအခွင့်ရေးအုပ်စု KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

"တပ်မဟာ(၁)ဘက်မှာလည်း တိုက်ပွဲဖြစ်တာများလာပြီ တပ်မဟာ ၁ သထုံခရိုင် ဘီးလင်းမြိှုနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူနဲ့တိုက်ပွဲဖြစ်တာ မနက်ပိုင်း၂နာရီလောက်မှာဖြစ်တာ"

စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည်တသောင်းကျော်ရှိနေတဲ့ ဖာပွန်ခရိုင်ထဲမှာတော့ မြို့ပေါ်နေထိုင်နေတဲ့ လူထုကော တောထဲကလူထုပါ အကြောက်တရားတွေနဲ့နေထိုင်နေရတယ်လို့ စောနန္ဒဆူးကပြောပြပါတယ်။

"အထူးသဖြင့်ဖာပွန် ကမမောင်းဘက်ကလည်း လူထူတွေကအကြောက်တရားနဲ့နေနေရတ ာပေါ့"

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ လက်ရှိမှာကေအန်ယူ တပ်မဟာ(၁) တပ်မဟာ(၃)တပ်မဟာ(၅)တပ်မဟာ(၆) နယ်မြေတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ကရင်လူထု နေထိုင်ရာ နေရာတွေကိုလက်နက်ကြီးတွေကျနေတာကြောင့် အရပ်သားတွေဟာ အိုးအိပ်စွန့်ခွါပြီး ဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်နေရပါတယ် ။

ကေအန်ယူနဲ့ မြန်မာအစိုးရတို့ဟာ ၂၀၁၂ ခုနှစ်ထဲမှာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားပါတယ်။ NCA အတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခဖြစ်စရာအကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

KNU ကတော့ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ထားသလို ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေကိုလည်း ပြစ်တင်ရှုတ်ချထားပါတယ်။ ကရင်ပြည်နယ်တွင်း တချို့ဒေသတွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကိုလည်း KNU တပ်ဖွဲ့တွေက လုံခြုံရေးယူ လိုက်ပါပေးတာတွေ ရှိခဲ့ပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/knu-and-military-troop-fighting-amid-nca-signed/5843829.html

ရေးတောင်ပိုင်းနဲ့ ဘီးလင်းမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ် ရေးတောင်ပိုင်းနဲ့ ဘီးလင်းမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.