အလုပ်သမားဆေးရုံက CDM လှုပ်ရှားသူတွေ နေ့ချင်းပြီး အိမ်ယာကဆင်းခိုင်း

CDM လုပ်ဆောင်ဖို့ ဆန္ဒပြကြတဲ့မြင်ကွင်း

ရန်ကုန်မြို့မှာ CDM လှုပ်ရှားမှုပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို ဒီကနေ့ နေ့ချင်းပြီး အိမ်ပေါ်က ဆင်းခိုင်းခဲ့ပါတယ်။ နေရာတချို့မှာလည်း အခြေအနေအတိအကျ မသိရတဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာပဲ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေဆဲပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်က ပြောပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့စပြီးတော့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကိုဖယ်ရှား၊ စစ်တပ်က အာဏာသိမ်းလိုက်တာ ၂ လကျော်လာချိန်အထိ နေရာအနှံ့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ လူထုကဆောင်ရွက်နေကြပါတယ်။

လူငယ်တွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ၊ စစ်တပ်ပိုင် စီးပွားရေးထုတ်ကုန်တွေကို အသုံးမပြုတာ၊ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ အနုနည်းနဲ့ အာဏာရှင်ကိုဖီဆန်တာ စသည်ဖြင့် နည်းလမ်းပေါင်းစုံသုံးပြီး ကန့်ကွက်နေကြတာပါ။

အဲဒီလို ကန့်ကွက်ဆန္ဒပြနေသူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်နှိမ်နင်းဆဲရှိပြီး ဒီကနေ့မှာလည်း တာမွေ အလုပ်သမားဆေးရုံက CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ယာကနေ ဆင်းခိုင်းခဲ့ပါတယ်။

အချိန်မပေးဘဲ နေ့လည် ၁ နာရီမှာ အပြီးသတ်ဆင်းပေးရမယ်လို့ ပြောတာကြောင့် အခက်အခဲရှိနေတဲ့ ဝန်ထမ်းတွေကို ပြည်သူအချင်းချင်း ကူညီပေးကြတဲ့အခြေအနေကို ကိုယ်တိုင်ဆောင်ရွက်ပေးနေသူတဦးက VOA ကိုပြောပါတယ်။

"CDM လုပ်တဲ့ ဝန်ထမ်းကတော့ ၆၀ ဝန်းကျင်ခန့်လောက် ရှိပါတယ်ဗျ။ မနက်က ကျနော်ကိုယ်တိုင်ပဲ ၁၀ နာရီဝန်းကျင်လောက်က စပြီးတော့ လှုပ်ရှားပါတယ်ဗျ။ လှုပ်ရှားပြီးတော့ ကျနော်တို့ အခု ဝန်ထမ်းတွေကတော့ အလုပ်သမားဆေးရုံကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ အားလုံးထွက်ခွာသွားတယ်ဗျ။ အခုဆိုရင်တော့ သူတို့ဌာနေကို ရောက်ပြီပေါ့နော်။ ဒါပေမဲ့ အဲဒီဌာနေမှာတော့ လောလောဆယ် နေဖို့ထိုင်ဖို့ အခက်အခဲလေးတွေ ဖြစ်နေတယ်ဗျ။ အဲဒါလေးတွေကို ဆက်လက်ပြီးတော့ ကျနော်ကူညီလုပ်ဆောင်ပေးနေတဲ့ အခြေအနေပေါ့နော်။ ကျန်တာကတော့ အဲဒီမှာဆက်ပြီး ထောက်ပံ့ပေးမယ့် ညီအစ်ကို မောင်နှမတွေနဲ့ ချိတ်ဆက်ပြီး လုပ်နေတာလေးတွေလည်း ရှိပါတယ်ဗျ။"

စစ်ကောင်စီအနေနဲ့ CDM ဝန်ထမ်းတွေကို အစိုးရအိမ်ယာတွေကနေ ဆင်းခိုင်းတာ၊ ဖမ်းဆီးအရေးယူတာနဲ့ တာဝန်ကနေ ရပ်စဲလိုက်တဲ့အထိ လုပ်ဆောင်တာတွေရှိလာနေပေမယ့် စားသောက်နေထိုင်ရေး အခက်အခဲတွေရှိနေတဲ့ ကြားကနေ အလုပ်မဆင်း အာဏာဖီဆန်နေကြတဲ့ နည်းလမ်းနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေကြတာပါ။

ဒီကနေ့ မနက်အစောပိုင်းတုန်းက လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံ မီးလောင်ခဲ့ပြီး အကြောင်းရင်းကိုတော့ သေချာမသိရသေးပါဘူး။ နေ့လည်ပိုင်းအချိန်မှာလည်း ရန်ကုန်မြို့ထဲက နေရာတချို့မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ်က အထွေထွေအုပ်ချုပ်ရေးရုံး အရှေ့မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ အဲဒီနားမှာနေထိုင်တဲ့ ဒေသခံတဦးက VOA ကိုပြောပါတယ်။

"အခြေအနေကတော့ မနက်က အသံဗုံးပစ်သွားတာဗျ။ အသံဗုံး ပေါက်တာဗျ။ (လူထိခိုက်မှု) ဘာမှမရှိပါဘူးဗျ။ အသံဗုံးပါဗျ။"

ဆန္ဒပြသူတွေကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေဘက်က အကြမ်းဖက်ပစ်ခတ်၊ လက်နက်ကိုင် ခြိမ်းခြောက်တာတွေရှိခဲ့လို့ သေဆုံးသူ၊ ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ များလာတဲ့နောက်မှာတော့ လူငယ်တွေဟာ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ရတဲ့နည်းနဲ့ အာဏာရှင်ကို ဆက်ပြီး ဆန့်ကျင်နေကြပါတယ်။

ဒီကနေ့မှာလည်း ရန်ကုန်မြို့နေရာတချို့မှာ လူငယ်တွေဟာ သွေးမတိတ် ဆေးသပိတ်ကို ဆက်ပြီးဆင်နွှဲကြသလို မကြာခင်ရောက်လာတော့မယ့် သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို မဆင်နွှဲဖို့နဲ့ သင်္ကြန်ကာလမှာ အိမ်ပြင်မထွက်ဘဲ အာဏာရှင်တော်လှန်ရေး သပိတ်ပြုလုပ်ဖို့ကို တောင်းဆိုနေတာပါ။ အဲဒါအပြင် တရုတ်အလံနဲ့ တရုတ်နိုင်ငံထုတ် ပစ္စည်းတချို့ကိုလည်း မီးရှို့ဖျက်စီးတဲ့ ကမ်ပိန်းကို လုပ်ခဲ့ကြပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/peoples-cdm-movement-driven-out-houses-by-military/5843929.html

အလုပ်သမားဆေးရုံက CDM လှုပ်ရှားသူတွေ နေ့ချင်းပြီး အိမ်ယာကဆင်းခိုင်း အလုပ်သမားဆေးရုံက CDM လှုပ်ရှားသူတွေ နေ့ချင်းပြီး အိမ်ယာကဆင်းခိုင်း Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.