ကလေးမြို့ သပိတ်ခံတပ် စစ်တပ်အကြမ်းဖက်ဖြိုခွဲ အနည်းဆုံး ၁၁ ဦး သေဆုံး


အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ပစ်ခတ်တဲ့အတွက် ဧပြီလ ၆ ရက် မနေ့ညနေကနေ ဧပြီလ ၇ ရက် ဒီနေ့ညနေထိ ၂၄ နာရီအတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေနတ်ကျည်ထိမှန် သေဆုံးသူ ၁၀ ယောက်ခန့်ရှိပြီး ဒဏ်ရာရတဲ့လူလည်း အနည်းဆုံး ၁၀ ယောက်ကျော် ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး ပင်မခံတပ်ဖြစ်တဲ့ တာဟန်းခံတပ်ကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲအင်အား ရာချီနဲ့ ဧပြီလ ၇ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြလူတွေအပါအဝင် ဒေသခံပြည်သူ ရှစ်ယောက်ခန့် ကျဆုံးပြီး ဒဏ်ရာရရှိသူတွေ အများအပြားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသွားသူ ငါးယောက်ရဲ့ အလောင်းကိုပဲ ပြည်သူတွေဘက်က ပြန်ရထားတယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံတစ်ယောက်ကို မနက်ပိုင်း ပစ်ခတ်ဖြိုးခွင်းမှုပြီးပြီးချင်း RFA ကမေးမြန်းထားမှုအရ ကွန်ဖန်းလုပ်နိုင်သူ သုံးယောက်အထိပဲ ရထားသေးကြောင်း ပြောပါတယ်။

ဖမ်းဆီးခံရသူတွေလည်းရှိပြီး ဒဏ်ရာရသူတွေလည်း များတာကြောင့် တာဟန်းခံတပ်ကို ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်နဲ့ ရဲတွေကတော့ အဲဒီခံတပ်နေရာကို မြေထိုး ဘတ်ဖိုးကားနဲ့ ဖယ်ရှားရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီအထိ ပစ်ခတ်မှုတွေမလုပ်ဘူးလို့ စစ်ကောင်စီဘက်နဲ့ ဆန္ဒပြလူငယ်တွေဘက် သဘောတူညီမှုယူထားပေမယ့် မနက် ၄ နာရီလောက်ကတည်းက အင်အားအများအပြားနဲ့ ဝင်ရောက်နေရာယူပြီး မနက် ၅ နာရီလောက်မှတော့ တရစပ် ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ နေ့စဉ်ရှိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း ဖြိုခွင်းမှုတွေ လုပ်နေပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဆန္ဒပြပြည်သူ ၂၅ ယောက်ခန့်အထိ ရှိနေပါပြီ။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့မှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဧပြီလ ၆ ရက် ည ၉ နာရီကျော်လောက် ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် လူငယ်တစ်ယောက်ခေါင်းကို ကျည်ဆံထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ည ၈ နာရီ သံဗုံးတီးချိန်မှာ မြို့တွင်းစားသောက်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်သားတွေက အော်ဟစ်ဆဲဆိုပြီး အကြမ်းဖက်နေတယ်ဆိုတဲ့ သတင်းရတာကြောင့် ရပ်ကွက်နေပြည်သူတွေ မကျေနပ်လို့ စုပြီးလမ်းမပေါ်ထွက် အင်းအားပြချိန်မှာပဲ သေနတ်ပစ်ဖောက် ဖြိုခွဲခံရတာလို့ ဒေသခံက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် ကိုတိုင်းချစ်ရဲ့ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။

နောက်ထပ်တစ်ယောက်လည်း လက်ကို ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံကပြောပါတယ်။

RFA က မနေ့ည ၁၁ နာရီခွဲလောက် ညောင်ရွှေမြို့ဒေသခံကို ဆက်သွယ်မေးမြန်းချိန်မှာ စစ်ကောင်စီ တပ်သားတွေ မြို့တွင်းလှည့်လည်နေတာရှိပေမယ့် ရပ်ကွက်နေသူတွေ လူစုခွဲသွားပြီမို့ ပစ်ခတ်တာတော့မရှိတော့ဘူးလို့ ပြောပါတယ်။

မနေ့ညပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်အထိရှိကြောင်း ညောင်ရွှေမြို့ ဒေသခံတွေက လူမှုကွန်ရက် facebook မှာ ပြောဆိုနေကြပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ရေရှင်အုပ်စု လွယ်လီယန်ကျေးရွာမှာ ဧပြီလ ၆ ရက် မနေ့ညပိုင်း သေနတ်ပစ်ခတ်ခံရမှုကြောင့် တစ်ယောက် ဦးခေါင်းပွင့်သေဆုံးပြီး အခြားအိမ်တစ်အိမ်က ထွက်ကြည့်တဲ့ သူတစ်ယောက်လည်း အပစ်ခံရလို့ တင်ပါးမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရွာဒေသခံက ပြောပါတယ်။

ထွက်မကြည့်ခဲ့ရတာကြောင့် ဘယ်အဖွဲ့စည်းလည်းဆိုတာနဲ့ အင်အား ဘယ်နှစ်ယောက်လည်းဆိုတာကိုတော့ မသိရကြောင်း ဒေသခံကပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နှစ်နေရာစလုံးမှာတော့ အိမ်ရှေ့ကနေ ခဲနဲ့အရင်ပေါက်ပြီး ထွက်ကြည့်ချိန်မှာမှ တစ်ချက်စီပစ်သွားတာဖြစ်တယ်လို့ ရွာဒေသခံက RFA ကိုပြောပါတယ်။

အသံကြားရတာအရ နာရေးအိမ်ရှေက သေနတ်သံဟာ တူမီးသေနတ်သံဖြစ်ပြီး ပေါင်မှာ ဒဏ်ရာရသူအိမ်ရှေ့က သေနတ်သံကတော့ အရမ်းမကျယ်ပဲ အခြားသေနတ်တစ်ခုခုရဲ့ အသံဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နာရေးဖြစ်နေတဲ့အိမ်ထဲကနေ ထွက်ကြည့်တဲ့ ကိုပေါ်ကောက် ဆိုသူကတော့ ဦးခေါင်းမှာ ထိမှန် သေဆုံးသွားပြီး အဲဒီအိမ်နဲ့ ခုနှစ်အိမ်ကျော်လောက်ကအိမ်မှာနေထိုင်တဲ့ ကိုမင်းသူကတော့ တင်ပါး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကိုတော့ မိုးကောင်းဆေးရုံက လက်မခံတာကြောင့် ဒီနေ့ မနက်ပိုင်း မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ဆေးရုံးကို သွားပို့နေတယ်လို့ သိရကြောင်းလည်း အဆိုပါဒေသခံက ပြောပါတယ်။

မြင်းခြံမြို့မှာလည်း ဧပြီလ ၆ ရက် မနေ့ည ၁၀ နာရီခွဲကျော်ကနေ ၁၁ ခွဲလောက်အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတွေက လူနေရပ်ကွက်တွေထဲအထိ ဝင်ရောက် ပစ်ခတ်တာကြောင့် အမျိုးသားတစ်ယောက် လက်မှာ သေနတ်ကျည်ဆံထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုအရ စံပြ‌ဈေးမီးပွိုင့်၊ လမ်းသစ်၊ အထက (၄) စာသင်ကျောင်း စတဲ့နေရာတွေကနေ ပစ်ခတ်တဲ့အပြင် အမှတ် ၁၃ နဲ့ အမှတ် ၁၆ ရပ်ကွက်တွေထဲအထိ ဝင်ရောက်ပတ်ခတ်တာလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့်ပဲ လျှပ်စစ် EPC ရုံးနားမှာ အမျိုးသားတစ်ယောက် လက်ကို ကျည်ထိမှန်ခဲ့တာလို့ ပြောကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် မာန်အောင်ရွာနားမှာ ဧပြီလ ၆ ရက် မနေ့ညနေပိုင်း KNU/KNLA တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် အလုပ်လာလုပ်နေတဲ့ ဒေသခံတစ်ယောက်သေဆုံးပြီး ရွာသားတစ်ယောက် ပေါင်မှာကျည်ထိမှန်ခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဘက်က ရွာသားတွေကိုပစ်ခတ်ပြီး ရွာသားတွေကို အကာအကွယ်ယူ စစ်ရေးလှုပ်ရှားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ကျေးရွာလုံခြုံရေးတပ်စခန်းတစ်ခုကို ဆုတ်ခွာခဲ့ရတယ်လို့လည်း ပါဝင်ပါတယ်။

ဧပြီလ ၇ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ ၂၉၉ တပ်က မာန်အောင်ရွာနား ချောင်းဖျားနေရာတွေကို လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်တွေဟာ KNU ဒူးပလာယာခရိုင်ထဲက ဝင်းရေးမြို့နယ် ၊ နို့တကောမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ်တွေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာတိုးမြှင့်နေတာနဲ့ တိုက်ပွဲတွေဖြစ်လာတာကြောင့် ဒေသခံပြည်သူတွေကတော့ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ပေါ်မှာတော့ ဧပြီလ ၇ ရက် ဒီနေ့မှာ နေရာငါးနေရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မနက်ပိုင်း ရွှေတိဂုံဘုရားလမ်းနဲ့ ဇီဝကလမ်းအနီးက စစ်ကောင်စီရဲ့ ဝန်ထမ်းအိမ်ယာနားမှာ ပေါက်ကွဲမှု နှစ်နေရာဖြစ်ခဲ့ပြီး နေ့လည်ပိုင်းလောက် မြေနီကုန်း ဒဂုံစင်တာ ၂ နဲ့ ဗားကရာလမ်းမပေါ်က စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာဖြစ်ခဲ့ပါတယ်။

နောက်ထပ်တစ်နေရာကတော့ ကမ်းနားလမ်း ပန်းဆိုတန်းက ဆိပ်ကမ်းရုံးအနီးမှာလို့ သိရပါတယ်။

ဒီပေါက်ကွဲမှုတွေကြောင့် စမ်းချောင်းမြို့နယ် ထွေအုပ်ရုံးရှေ့မှာတော့ ကားတစ်စီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး အခြားနေရာတွေရဲ့ ထိခိုက်မှုအခြေအနေကိုတော့ သေချာမသိရသေးပါဘူး။

တစ်နိုင်ငံလုံးက မြို့နယ်တွေ တော်တော်များများမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြပွဲတွေနဲ့ သပိတ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ပြုလုပ်နေကြပါတယ်။

မန္တလေးတိုင်း မန္တလေးမြို့မှာ သပိတ်စစ်ကြောင်းတွေမျိုးစုံနဲ့ ချီတက်ဆန္ဒပြခဲ့ကြသလို မဟာအောင်မြေမြို့နယ်၊ ဝမ်းတွင်းမြို့၊ မိတ္တီလာမြို့၊ မိုးကုတ်မြို့၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့၊ ဆားလင်းကြီးမြို့၊ ရေဦးမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဖားကန့်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့ စတဲ့မြို့တွေအပါဝင် မြို့နယ်အများအပြားမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဆန္ဒပြနေကြပါတယ်။

နေပြည်တော်ရဲ့ ပျဉ်းမနားမြို့မှာတော့ ပုံမှန်အတိုင်း မနက်ခင်း အရုဏ်ဦးသပိတ်ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေရောက်လာကြောင့် ဆန္ဒပြလို့မရခဲ့ပါဘူး။ နေပြည်တော်မှာ ဆန္ဒပြမှုတွေမလုပ်နိုင်အောင် လုံခြုံရေး အတော်လေး တင်းကျပ်နေတယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

RFA Burmese



ကလေးမြို့ သပိတ်ခံတပ် စစ်တပ်အကြမ်းဖက်ဖြိုခွဲ အနည်းဆုံး ၁၁ ဦး သေဆုံး ကလေးမြို့ သပိတ်ခံတပ် စစ်တပ်အကြမ်းဖက်ဖြိုခွဲ အနည်းဆုံး ၁၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.