မြောင်မြို့မှာ အသက် ၆၀ ကျော် အမျိုးသမီးကြီး ၁ ဦး ရဲ ဖမ်းဆီးခံရပြီးနောက် သေဆုံးမှု ဖြစ်ပွား


စစ်ကိုင်း၊ ဧပြီ ၂၆၊ ၂၀၂၁

စစ်ကိုင်းတိုင်း မြောင်မြို့ တောင်ရပ်ကွက်နေ အသက် ၆၃ နှစ် အရွယ် အမျိုးသမီးကြီး ၁ ဦးဟာ ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခံရပြီးနောက် မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ မြောင်မြို့ခံတွေဆီကနေ သိရပါတယ်။

မြောင်မြို့ခံ ၁ ဦးက“တောင်ရပ်ကွက်ထဲက ဒေါ်ဝင်းကြည်နဲ့ ဒေါ်ခင်မာ ဆိုတဲ့ အမျိုးသမီး ၂ ယောက်ကို ဧပြီ ၂၄ ရက် ညနေ ၄ နာရီခွဲ အချိန်လောက် လာဖမ်းသွားတယ် ၊ ညနေ ၅ နာရီ ဝန်းကျင်မှာ ဒေါ်ဝင်းကြည် ဆုံးပြီလို့ သိရတာ”လို့ ပြောပြပါတယ်။

သေဆုံးသူ ဒေါ်ဝင်းကြည်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ် မေးမြန်းရာ ရဲဝန်ထမ်း ၁ ဦးက “မြောင် မြို့မရဲစခန်း (ပ) ၁၇ / ၂၀၂၁ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က / ၅၀၆ / ၁၁၄ အမှုနဲ့ ဖမ်းဆီးရန် အလိုရှိနေတဲ့ ဒေါ်ဝင်းကြည် အသက် ၆၃ နှစ်ကို ဖမ်းဆီးခဲ့တယ်၊ သူဟာ နှလုံးရောဂါနဲ့ အတက်ရောဂါ အခံကြောင့် ဆေးကုသပေးရင်း ဓမ္မတာအတိုင်း ဆုံးသွားခဲ့တဲ့အတွက် ဥပဒေအရ သေမှုသေခင်းဖွင့် ဆောင်ရွက်ထားတယ်”လို့ ပြန်လည် ဖြေကြားပါတယ်။

ဒေါ်ဝင်းကြည် သေဆုံးမှုကို မြောင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁ /၂၀၂၁ အရ စစ်ဆေးနေတယ်လို့ လည်း ဆိုပါတယ်။

ဒေါ်ဝင်းကြည်နာရေး ကူညီလုပ်ကိုင်ပေးနေတဲ့ ဖြူစင်မေတ္တာ လူမှုကူညီရေး အသင်း စေတနာ့ဝန်ထမ်း ၁ ဦးက “ရာသီဥတု ကလည်း အပူရှိန် များတယ်၊ စိတ်အတက်အကျ မြန်ပြီး နှလုံးရောဂါ အခံရှိတာကြောင့် ရုတ်တရက်သေဆုံးသွား တာ”လို့ ပြောဆိုပါတယ်။

သတင်း - KTG (VOM)


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြောင်မြို့မှာ အသက် ၆၀ ကျော် အမျိုးသမီးကြီး ၁ ဦး ရဲ ဖမ်းဆီးခံရပြီးနောက် သေဆုံးမှု ဖြစ်ပွား မြောင်မြို့မှာ အသက် ၆၀ ကျော် အမျိုးသမီးကြီး ၁ ဦး ရဲ ဖမ်းဆီးခံရပြီးနောက် သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.