မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ နေအိမ်တွင်းသို့ ဝင်ရောက်ရှာဖွေမှု များပြုလုပ်




ဧပြီ ၂၆ ရက်၊၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် လက်ပစ်ဗုံး ပစ်ခံရပြီးနောက် ရဲ နှင့် တပ်အပါအဝင် စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လူနေရပ်ကွက်များအတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် NLD ပါတီဝင်တစ်ချို့၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၅နာရီခွဲ အချိန်ခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အေးသာယာ ၁ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ခြံဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း 

လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်းသိရှိရသည်။    

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက် ကရင်စာပေအနောက်လမ်းရှိ လူနေအိမ်တစ်ချို့ နှင့် ကမ်းနားလမ်း ဇီးတောဂိတ်အနီးဝန်းကျင်ရှိ လူနေအိမ်တစ်ချို့သို့  ရဲ၊ စစ်တပ်၊ BGF နယ်ခြားစောင့်တပ်၊ ရပ်ကွက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် နယ်မြေသတင်းပေးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်တန်းများဖြင့် ရောက်ရှိလာပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် NLD ပါတီဝင်တစ်ချို့၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

 “လာရှာတဲ့ အဖွဲ့တွေကို ဘာဖြစ်လို့ ကျနော့်အိမ်ကို ဝင်ရောက်ရှာဖွေမှု ပြုလုပ်ရတာလဲလို့မေးတော့ ဒီမနက် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ခြံအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်။ အဲ့ဒီကိစ္စနဲ့ ဆက်စပ်ပြီး လူနေရပ်ကွက်အတွင်းရှိ နေအိမ်တစ်ချို့ကို  ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းထားခြင်း ရှိမရှိ ဝင်ရောက်ရှာဖွေရတာဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြေကြားခဲ့တယ်”ဟု  နေအိမ်တွင်းသို့ ဝင်ရောက်ရှာခံခဲ့ရသည့် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နေ ပြည်သူတစ်ဦး က ပြောသည်။

ထို့အပြင် “ယခင်ခေတ် ကာလများက ကဲ့သို့ ဥပဒေနှင့်အညီ ရှာဖွေပုံစံတွေ၊ ဝရမ်းတွေ ဘာမှ ပါမလာဘူး ။ ဒီအတိုင်းပဲ ရပ်ကွက် သတင်းပေးတွေနဲ့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြတာ။ ဒီအချိန်က ဥပဒေဆိုတာထက် အမိန့်ပဲရှိတယ်။ သူတို့ မသင်္ကာရင် သူတို့နဲ့ မသင့်မြတ်ရင် မည်သူမဆို နေအိမ်ဝင်ရောက်ရှာဖွေခြင်းခံရမှာပဲ ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကရင်ပြည်နယ် မြဝတီမြို့တွင် လူထုဆန္ဒပြပွဲများ မပြုလုပ်နိုင်ခဲ့ သည်မှာ ၁ လ ကျော်ခန့် ရှိပြီဖြစ်သော်လည်း ပြောက်ကြားစနစ် လူမဲ့သပိတ်ပုံစံအမျိုးမျိုးဖြင့် မြဝတီမြို့ Gen Z လူငယ်များမှ  စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိနေဆဲ ဖြစ်သည်။ 


Karen Information Center -KIC

https://www.facebook.com/KICNewsPage

မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ နေအိမ်တွင်းသို့ ဝင်ရောက်ရှာဖွေမှု များပြုလုပ် မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ နေအိမ်တွင်းသို့ ဝင်ရောက်ရှာဖွေမှု များပြုလုပ် Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.