စစ်ကောင်စီရဲ့ လေတပ်နဲ့ ကြည်းတပ်တချို့ တိုက်ခိုက်ခံရပြီး လူသေဆုံးထိခိုက်မှုရှိ



မန္တလေးတိုင်း မိတ္ထီလာနဲ့ မကွေးတိုင်း မကွေးမြို့က လေတပ်စခန်းနှစ်ခု ဧပြီလ ၂၉ ရက် ဒီနေ့မနက် အစော ပိုင်းတွေမှာ အချိန်အနည်းငယ်စီခြားပြီး ရှော့တိုက်ဒုံးကျည်နဲ့ ပစ်ခတ်ခံရတာကြောင့်  စစ်သားခြောက်ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သာယာဝတီမြို့က ခလရ ၃၅ မှာ ဒီကနေ့ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့ပြီး၊ ရန်ကုန်တိုင်း တောင်ဒဂုံနဲ့ လှိုင်သာယာမှာလည်း ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့က ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်တုံး ခြောက်လုံးနဲ့ ချိန်ထားပြီး ပစ်ခတ်ဖို့ ပြင်ဆင်ထား တာမှာ ငါးလုံးပေါက်ကွဲပြီး၊ တစ်လုံးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိတ္ထီလာ မြို့က ကိုယ်တိုင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။

မနက် ၅ နာရီလောက်ကစပြီး ရေတွင်းဖြူနားနဲ့ မြို့ထဲမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်းနဲ့ လေတပ်ကိုပစ် တာ ကျော်ပြီး ရွာတွေထဲကျပေမဲ့ လူတွေမရှိတာကြောင့် ရွာသားတွေတော့ အထိအခိုက်မရှိဘူးလို့ မိတ္ထီလာမြို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

အလားတူပဲ မကွေးအခြေစိုက် လေတပ်စခန်းလည်း ဒီကနေ့မနက် ၄ နာရီလောက်က အပစ်ခံခဲ့ရပြီး ပေါက်ကွဲ သံတွေကြားခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ပြောပါတယ်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ပေါ်မှာတော့ မိတ္ထီလာနဲ့ မကွေးလေတပ်စခန်းတွေ တိုက်ခိုက်ခံရမှုကြောင့် ခြောက် ယောက် သေဆုံးတယ်လို့ ဖော်ပြထားကြပေမယ့် RFA က တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီမကွေးလေတပ်စခန်း တိုက်ခိုက်ခံရပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ သေနတ်သံတွေကြားခဲ့ရပြီး၊ မနက် စောစောဈေးရောင်းဖို့ ဆိုင်ကယ်နဲ့သွားတဲ့ အမဲသားသည်တစ်ယောက် ပေါင်ကို သေနတ်ကျည်ဆံ ထိမှန် ခဲ့တယ်လို့လည်း မကွေးဒေသခံက ဖြည့်စွက်ပြောပြပါတယ်။

အခုလိုရှော့တိုက်ဒုံးကို ဘယ်သူတွေက အသုံးပြုသွားတယ်ဆိုတာတော့ မသိဘူးလို့ ဒေသခံတွေက ဆိုကြပါ တယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အတိအကျသိနိုင်ဖို့အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့အခြေစိုက် ခလရ ၃၅ က လက်နက်တိုက် ဧပြီလ ၂၉ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က မီးလောင်ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

ပေါက်ကွဲသံတွေ နာရီဝက်လောက်ကြားခဲ့ရပေမဲ့ လူသေဆုံးထိခိုက်မှု ရှိ မရှိဆိုတာကိုတော့ အတိအကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝါယာရှော့ကြောင့်ဖြစ်သလို နေ့အပူချိန်ပြင်းထန်တာကြောင့် မီးလောက်ပေါက်ကွဲတာလို့လည်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဖြစ်ရပ်မှန်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ခလရ ၃၅ တပ်တွင်းနေထိုင်သူမိသားစုတွေကို အပြင်ဘက်ကို အရေးပေါ် ပြောင်းရွှေ့ ခိုင်းနေတယ်လို့လည်း အဲဒီဒေသခံက ဆက်ပြောပါတယ်။

အခုလိုတပ်ရင်းတစ်ခုရဲ့ လက်နက်တိုက် ပေါက်ကွဲတာမျိုး အနှစ် ၄၀ လောက်အတွင်း အရင်က တစ်ကြိမ် တစ်ခါမှ မကြားဖူးသလို၊ အခုလို အဖြစ်မျိုးတွေ အရင်က မကြုံဖူးတဲ့အတွက် ထူးဆန်းနေတယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။

အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာလည်း ဧပြီလ ၂၉ ရက် ဒီနေ့ မနက် ၆ နာရီလောက် လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်လုပ်ဗုံး လေးလုံးမှာ တစ်လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ သုံးလုံးကို စစ်ကောင်စီတပ်တွေက ရှင်းခဲ့တယ်လို့ လှိုင်သာယာဒေသခံတစ်ယောက်က ပြောပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးထဲက တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

မန္တလေးမြို့မှာလည်း ဧပြီလ ၂၈ ရက်မနေ့ည ၇ နာရီလောက်က ဒုမြို့တော်ဝန်ရဲ့နေအိမ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရုံးချုပ်ရှေ့တွေမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုမရှိဘူးလို့ ကနဦး သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အဲဒီပေါက်ကွဲမှုဖြစ်အပြီး မန္တလေးမြို့နေရာ အတော် များများမှာ သေနတ်နဲ့ ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအတောအတွင်း မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုဦးနဲ့ မိတ္ထီလာမြို့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်တို့ စစ်ကောင်စီတပ် တွေက ဧပြီလ ၂၈ ရက် မနေ့ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မိုးကုတ်မြို့ NLD ဥက္ကဋ္ဌ ဦးကိုကိုဦးကို သူ့ရဲ့နေအိမ်မှာပဲ လာဖမ်းသွားတာလို့ မိသားစုနဲ့နီးစပ်သူ ဦးစိုးဌေးက ပြောပါတယ်။

မိတ္ထီလာမြို့က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဦးလွင်မောင်မောင်ရဲ့ မိသားစုဝင်တစ်ယောက်ကလည်း ဦးလွင်မောင်မောင်ဟာ ဖခင်ဖြစ်သူဆုံးထားတာ မကြာသေးတဲ့အတွက် မိဘတွေရဲ့နေအိမ်ကိုပြန်နေတဲ့ အခိုက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ RFA ကိုပြောပါတယ်။

လတ်တလောမှာ ဦးလွင်မောင်မောင်ကို မိတ္ထီလာထောင်ထဲမှာ ချုပ်ထားကြောင်းနဲ့ ဘာအမှုနဲ့ စွဲဆိုတာလဲ ဆိုတာကို စခန်းမှူးကိုမေးမြန်းရာမှာ မသိသေးဘူးလို့သာ အကြောင်းပြန်ကြားတယ်လို့ ဦးလွင်မောင်မောင်ရဲ့ မိသားစုဝင်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက၊ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေကို ပိတ်သိမ်းတာ၊ ပါတီဝင်တွေကို ဖမ်းဆီးတရားစွဲဆိုတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာလည်း ဇေယျဝတီလမ်းမပေါ်က အမှတ် ၁၃ တိုက်၊ ၇ လွှာမှာနေထိုင်တဲ့ လူငယ်ဆယ်ယောက်ကို ဧပြီလ ၂၈ ရက် မနေ့ညနေ ၆ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေ က ဝင်ရောက်ရှာဖွေပြီး ဖမ်းသွားပါတယ်။

စစ်ကောင်စီကခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ ရောက်လာပြီး ရှာဖွေဖမ်းဆီးသွားတာလို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူက RFA ကို ပြောပါတယ်။

လူငယ်တွေကို နှစ်ယောက်တစ်တွဲနဲ့ ဖမ်းသွားတာမြင်ရကြောင်းနဲ့ ရဲတွေရဲ့ လက်ထဲမှာ ဆန္ဒပြရာမှာ အသုံး ပြုတယ်လို့ ယူဆရတဲ့ပစ္စည်းအချို့ကိုလည်း သယ်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလူငယ်တွေဟာ ဆေးဆိုင်တစ်ခုကနေ နယ်တွေကို ပစ္စည်းပို့တဲ့အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ည ၁၁ နာရီလောက်ကလည်း စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ်နဲ့ ဖျာပုံလမ်းထိပ်က နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး အမျိုးသမီးနှစ်ယောက်ကို ထပ်မံဖမ်းသွားပါသေးတယ်။ ညနေပိုင်း အဖမ်းခံရတဲ့ လူငယ်တွေနဲ့ ဆက်စပ်ပြီးလာဖမ်းတာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ယာဉ်မောင်း ဦးထွန်းလှိုင် ကို ဧပြီလ ၂၈ ရက် မနေ့ညက အရပ်ဝတ်နဲ့ လူနှစ်ယောက် လာဖမ်းသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD  ရုံးကနေ စစ်ဆေးစရာရှိတယ် ဆိုပြီး ရဲကားနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးဘဲ လက်ရှိ စစ်တွေတပ်နယ် ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် (ဒကစ)မှာ ထိန်းသိမ်း ထားတယ်လို့ ပြောပါတယ်။

ဦးထွန်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ စစ်တွေမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကို NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကလည်း ဦးညီပုအမှုနဲ့ပတ်သက်လို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ဦးထွန်းလှိုင်နေအိမ်ကို စစ်ကောင်စီရဲ့ ရဲတွေ လာရောက်ရှာဖွေခဲ့သေးတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဦးညီပုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက တပ်မတော်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားပြီး စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်ကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ထားပါတယ်။

မန္တလေးမြို့၊ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ ဧပြီလ ၂၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေရောက်ရှိလာပြီး သူတို့ကိုဆန့်ကျင်တဲ့ ဈေးသည် အချို့ရဲ့ ပစ္စည်းတွေကို ကားနဲ့သယ်ဆောင်သွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ မနေ့ကတည်းက ဈေးခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို ဈေးသည်တွေက အချက်နှစ်ချက် တောင်းဆိုရာကနေ အဆင်မပြေဖြစ်ခဲ့တာပါ။

အဆင်မပြေဖြစ်ပြီးတဲ့နောက် စည်ပင်ဝန်ထမ်းတွေက သွားခေါ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဈေးသူဈေးသားတွေကို လိုက်လံဖမ်းဆီးတာတွေနဲ့ ပစ်ခတ်တာကြောင့် ထွက်ပြေးခဲ့ကြရတယ်လို့ ဈေးသည် တွေက ပြောပါတယ်။

အခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်း ကိုးယောက်လောက်ကို ဈေးအခွန်ဆောင်တဲ့ပြေစာပေးဖို့၊ စည်ပင် ယူနီဖောင်းနဲ့ နာမည်ကတ်ပြားချိတ်လာဖို့ တောင်းဆိုရင်း အဆင်မပြေဖြစ်ကြတာလို့ လုံခြုံရေးအအမည်မဖော် လိုတဲ့ ဈေးသည်တစ်ယောက်က RFA ကိုပြောပါတယ်။

အခုလည်း စုံစမ်းစစ်ဆေးတာတွေလုပ်နေလို့ ဈေးမထွက်ဘဲ ရှောင်နေရတာကြောင့် လက်လုပ်လက်စား ဈေးသည်တွေ မဆင်မပြေဖြစ်နေကြတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ ဈေးပေါင်း ၄၀ ကျော်ရှိပြီး စည်ပင်ဝန်ထမ်း တစ်ရာကျော်လောက် စစ်အာဏာရှင်ဆန့်ကျင်ရေး CDM ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်လုပ်ဆောင်နေတာကြောင့် အလုပ်တွေကနေ ရပ်နားခံထားရပါတယ်။

ရန်ကုန်တိုင်းမှာလည်း စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း မေလ ၁ ရက်နေ့ကစပြီး ဆိုက်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေ မောင်းနှင်ရင် ထိရောက်စွာအရေးယူမယ်လို့ စစ်ကောင်စီက မနေ့ညက လိုက်လံ ကြေညာခဲ့ပါတယ်။

အဲဒီလို မကြေညာခင် လှိုင်သာယာ မီးခွက်ဈေးမှာ မနေ့တစ်နေ့လုံး ဆိုင်ကွယ်အစီး ၂၀၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ပြန်ထုတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်၊ အမှတ် ၅၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဧပြီလ ၂၉ ရက် ဒီနေ့ မနက်အစော ၅ နာရီလောက် မီးလောင်သွားတယ်လို့ ဒေသခံတစ်ယောက်က အတည်ပြုပါတယ်။ ဘာကြောင့်စလောင်တာလဲဆိုတာကို တိတိကျကျတော့မသိရသေးပေမယ့် ဘေးပတ်ဝန်းကိုတော့ ကူးစက်လောင်ကျွမ်းတာမရှိဘူးလို့ ပြောပါတယ်။

ဧပြီ ၂၉ ရက် ဒီနေ့မှာလည်း ရန်ကုန့်နဲ့ မန္တလေး၊ မော်လမြိုင်၊ စစ်ကိုင်းတိုင်း စတဲ့နေရာတွေနဲ့ မြို့နယ် တော်တော် များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ရ၀၀ ကျော် နေပြီဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ ဒီနေ့ အချိန်ထိ အဖမ်းခံထားရတဲ့သူ သုံးထောင့်လေးရာကျော်နေပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူ ၁၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

RFA Burmese



စစ်ကောင်စီရဲ့ လေတပ်နဲ့ ကြည်းတပ်တချို့ တိုက်ခိုက်ခံရပြီး လူသေဆုံးထိခိုက်မှုရှိ စစ်ကောင်စီရဲ့ လေတပ်နဲ့ ကြည်းတပ်တချို့ တိုက်ခိုက်ခံရပြီး လူသေဆုံးထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.