မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေ

မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ နေရာ တခုမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (မတ် ၁၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားနေကြသူတွေကို ဖမ်းဆီးနှိမ်နင်းနေတာမှာ လှုပ်ရှားသူကိုယ်တိုင်ကို ဖမ်းမမိရင် သူတို့ရဲ့ မိသားစုဝင်တွေကို ဓားစာခံသဘောမျိုး ဖမ်းဆီးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြထားပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး၊ အကြမ်းမဖက် အမိန့်ဖီဆန်ရေး CDM စတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ အများအပြား ပါဝင်ခဲ့ကြတာ ၃ လနီးပါး ရှိလာပြီဖြစ်ပါတယ်။ စစ်တပ်ဘက်ကလည်း အဲဒီလို ကန့်ကွက်ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်း ဖမ်းဆီးမှုတွေ ဆက်လုပ်နေပါတယ်။ အခုနောက်ပိုင်း ကိုယ်တိုင်လှုပ်ရှားဆန္ဒပြသူတွေသာ မဟုတ်တော့ဘဲ မိသားစုဝင်တွေကိုပါ ဖိအားပေးတာတွေ လုပ်လာတာတွေ ရှိလာပါတယ်။ မိုးကုတ်မြို့ ရွာသာရွာကျေးရွာ ဘားနက် အလယ်တန်းဆရာမတဦးကို CDM ပါဝင်လှုပ်ရှားမှုမှာ ပါလို့ဆိုပြီး အိမ်မှာလာရောက် ဖမ်းဆီးစဉ် သူ့ကို မတွေ့တာကြောင့် အမေဖြစ်သူနဲ့ အကိုဖြစ်သူတို့ကို စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ မိုးကုတ် မြို့မရဲ့စခန်းမှာ ဖမ်းဆီးခံထားရတဲ့သူတို့ကို မိသားစုဝင် တဦးနဲ့မှ ပေးမတွေ့ဘူးလို့ မိသားစုဝင် တဦးက ဗွီအိုအေကိုပြောပါတယ်။

"CDM လုပ်လို့ဆိုပြီး လာဖမ်းတာပေါ့အဓိကကတော့။ အိမ်ကိုလာဖမ်းတာပေါ့။ အမကမရှိတော့ အမကရှောင်နေတော့ လာဖမ်း ချိန်မတွေ့လို့ အမေနဲ့ အကိုကို လာဖမ်းသွားတာပေါ့။ ဖြစ်နေတာသိတဲ့အတိုင်း သမီးမရရင် အမေဖမ်း၊ သားမရရင် အဖေဖမ်း အဲဒီလိုဖြစ်နေချိန်မှာ ဘယ်လိုမှတော့ လုံခြုံမှုကတော့ မရှိဘူးဗျ ခုချိန်မှာ။ မနေ့ကအမေက အချုပ်ကနေ ဖုန်းဆက်တယ်။ အမကိုပြန်လာခိုင်းတယ်။ ဒါပေမဲ့ သူတို့က အဆင်ပြေပြေပဲ အမကို ဖမ်းချင်တာ။ ကျနော်တို့ကတော့ မယုံရဲဘူး။ အထဲမှာ မိန်းကလေးတယောက်ကို ဘယ်လိုလုပ်ရမလဲ။ ကျနော်က မယုံရဲဘူး၊ မလဲရဲဘူး။ အမေနဲ့ အကိုက ဆန္ဒပြတာလည်းမရှိဘူး။ အိမ်မှာစျေးဆိုင်မှာ ထိုင်ရောင်းတာပဲ ရှိတယ်။ အမကလည်း ပုဒ်မတပ်ပြီး စွဲထားတာမရှိဘူး။ အမေနဲ့ အကိုကိုလည်း ပုဒ်မတပ် စွဲထားတာမရှိဘူး။"

ခုလို သူတို့ အဖမ်းခံခဲ့ရပြီးနောက် ကျန်မိသားစုဝင်တွေမှာလည်း မလုံခြုံသလို ခံစားရတဲ့အတွက် အိမ်ကို ပစ်ကာ မိသားစုဝင်တွေ တကွဲတပြား ရှောင်ပုန်းနေရတယ်လို့ ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်တဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေအပြင် တခြားနိုင်ငံဝန်ထမ်းတွေကိုလည်း တပ်မတော်ပြိုကွဲအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်မြို့ခံတဦးကလည်း သူ့ကို အလိုရှိလို့ အိမ်ကို ဝင်ရှာချိန် သူရှိ မနေတာကြောင့် သူ့အမျိုးသမီး၊ အမေနဲ့ ညီကို ဖမ်းခေါ် သွားခဲ့တယ်လို့ ကာယကံရှင်က ဗွီအိုအေကိုပြောပါတယ်။ သူ့ကိုတော့ လက်လုပ်ဗုံး လုပ်တယ်ဆိုတဲ့ သံသယနဲ့ သူ့အိမ်ကိုဝင်ရောက်ရှာခဲ့တာဖြစ်ပါတယ်။

"ကျနော်ရဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ပစ္စည်းကို ကျနော် ထိန်းသိမ်းထားတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်ကို လိုချင်တယ်။ စစ်မယ်၊ ဆေးမယ်။ ကျနော်အနေနဲ့ ရင်ဆိုင်ဖို့က တော်တော်လေး ခက်နေတယ်။ အကူညီပေးထားတဲ့ အဲဒီ သူငယ်ချင်းနှစ်ယောက်က အဆက်သွယ်မရဘူး ဖြစ်နေတယ်ခင်ဗျ။ သူတို့နဲ့ အဆက်အသွယ်ရမယ်ဆိုရင် ဖြေရှင်းနိုင်ပါတယ်ခင်ဗျ။ ဘာပစ္စည်းလဲဆိုတော့ သူတို့တွေက ရေမဆေးကျောက် လုပ်တဲ့ လုပ်ကွက်သမားတွေပါခင်ဗျ။ ကျနော့်ကိုလည်း ဝရမ်းနဲ့ ပက်သတ်လို့ တင်တာမျိုးတို့၊ လိုင်းပေါ်မှာ တင်တာမျိုးတို့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး ခင်ဗျ။ ကျနော်ကြားတာကတော့ သူတို့ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်လို့ ကြားပါတယ်။ ထောင်ချတာတို့၊ အမှုဖွင့်တာတို့ မရှိပါဘူး။ အမှုလုပ်လို့ရတဲ့ သက်သေခံ ပစ္စည်းလည်း မရှိပါဘူး။ ဒီလို အပြစ်မရှိသူတွေကို အလကားသပ်သပ် အပြစ်ပေးနေစရာအကြောင်းမရှိဘူး။ နောက်ဆုံး ကျနော်မှာ အပြစ်ရှိတယ်လို့ ယူဆလို့ သံသယရှိတယ်ဆို ကျနော်ကိုပဲ ထိပ်တိုက်ရင်ဆိုင်ပါ။ ဒီဘာမှမဆိုင်သူတွေကို ဓားစာခံ မလုပ်သင့်ပါဘူး။ ဓားစာခံ လုပ်တာကအဖွဲ့တခုအနေနဲ့ မညီညွှတ်တဲ့ အလုပ်ပါ။ သူခိုး၊ ဓါးပြပုံစံ လုပ်နေတာပါ။"

ဧပြီ ၁၆ ရက်ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၂၀ နီးပါးရှိနေပေမဲ့ သူ့အစား ဖမ်းခံထားရတဲ့ မိန်းမ၊ အမေနဲ့ ညီတို့ကို ပြန်မလွှတ်ပေးသေးဘဲ ဆက်ဖမ်းထားတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းယူထားတာ ရက်ပေါင်း ၉၀ နီးပါးရှိချိန်မှာ ဖမ်းဆီးခံထားရသူ ၃,၄၀၀ ကျော်နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁,၂၀၀ ကျော်ရှိတယ်လို့ ဒီစာရင်းတွေကို ပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအသင်း AAPP ကပြောပါတယ်။ အာဏာသိမ်း န.စ.က စစ်ကောင်စီကတော့ ဒီစာရင်းတွေဟာ ဖောင်းပွအောင်လုပ်ထားတဲ့ စာရင်းဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။


မစုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-arrest/5871098.html

မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.