ပဲခူးမြို့ သပိတ်လှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးနေ



Share/Bookmark
ဖေဖော်ဝါရီလ ၉ ရက်နေ့က ပဲခူးဆန္ဒပြပွဲ မြင်ကွင်း။ (ဓာတ်ပုံ - Burma VJ - ဖေဖော်ဝါရီ ၉၊ ၂၀၂၁)

စစ်အာဏာသိမ်းမှုကို အခိုင်အမာဆန့်ကျင်ခဲ့တဲ့ ပဲခူးမြို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပါသုံး နှိမ်နင်းခဲ့ပြီးနောက် ဆန္ဒပြသပိတ်မှာ ပါဝင်သူတွေ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ ဘုန်းကြီးကျောင်းတွေပါ မချန်လိုက်လံ ရှာဖွေဖမ်းဆီးနေတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က သတင်းပို့ပါတယ်။

ပဲခူးမြို့မှာ ခံတပ်လို အတားအဆီးတွေ ကာရံဆန္ဒပြမှုတွေကို တပ်တွေက အပြင်းအထန်နှိမ်နင်းခဲ့ပြီးထဲက ဆန္ဒပြမှုတွေပါ ပါဝင်လှုပ်ရှားသူတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေပါတယ်။ ဆန္ဒပြသပိတ်ကို ဦးဆောင်သူတွေ၊ CDM အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါတဲ့ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးမှုတွေ အခုရက်ပိုင်းတွေမှာ ပိုလုပ်လာတာဖြစ်ပါတယ်။ သူတို့ ပုန်းနေနိုင်တယ်လို့ သံသယရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲအထိ လိုက်လံရှာဖွေနေတယ်လို့ ပဲခူးမြို့ခံတယောက်က ပြောပြပါတယ်။

"ဒီနေ့မွှေတယ်ပြောတယ်။ ဒီနေ့မွှေတယ်။ အဲဒီဘက်မှာလည်း သပိတ်ခေါင်းဆောင်တွေ ပုန်းနေတယ်အသံကြားရတော့ သူက ကြားတဲ့နေရာ အကုန်လိုက်မွှေတယ်။ မနေ့ကဆို ဒီပဲခူးထဲက ဘုန်းကြီးကျောင်းတွေ၊ ဘာတွေလိုက်မွှေတယ်။ မနေ့ကဆိုရင်ပရဟိတခေါင်းဆောင်တယောက် အဲဒီအုတ်ဂူရွှေ့နေရင်းနဲ့ပေါ့။ မေးစရာရှိတယ်ဆိုပြီး စခန်းကို ခေါ်သွားတယ်ဗျ။ ကိုကုလားတဲ့အသက်က ၅၀ ကျော်ပြီးပေါ့။ ပဲခူးမြို့မှာပဲ။ ဟိုရောက်တော့ ၅၀၅ နဲ့ အမှုဖွင့်ပြီး တခါထဲဖမ်းလိုက်တယ်။ ဒီနေ့ကို နောက်ထပ်သွင်းကုန်ထုတ်ကုန်ပုဒ်မနဲ့ ဆက်ပြီးတပ်ခေါ်တာပေါ့။"

ပဲခူးမြို့ထဲမှာဆိုရင်လည်း ဆန္ဒပြခဲ့သူ လူငယ်အများအပြား နယ်ဘက်ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

"အခု ကျနော်တို့ မြို့တွင်းဘက်က ရပ်ကွက်တွေဆို ရပ်ကွက်တခုလုံးနီးပါး လူမရှိတော့ဘူး။ လူငယ်တော်တော်နည်း သွားတာပေါ့။ ရပ်ကွက် ၃၊ ၄ ခုကတော့ မရှိတော့ဘူး။ ခန့်မှန်းခြေတော့ ၁,၀၀၀ နားတာ့ကပ်မယ်ထင်တယ်။ လူငယ်တွေ တော်တော်များများ မရှိတော့ဘူးလေ။"

အဖမ်းခံရမှာစိုးလို့ ထွက်ပြေးသူတွေ ရှိနေသလို အဖမ်းခံရသူတွေလည်း ရှိပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကဝမြို့နယ်က ကျောင်းဆရာမနှစ်ဦး မကြာခင်ရက်ကပဲ ဖမ်းဆီးခံရတယ်လို့ ပဲခူးမြို့ခံ ပညာရေးဝန်ထမ်း တယောက်ကလည်း ပြောပြပါတယ်။

"ဟိုတနေ့ကတော့ CDM ဆရာမနှစ်ယောက်ကို ဖမ်းသွားတယ်လေ။ တပ်သား လေး၊ ငါးယောက်လောက်ပေါ့... အိမ်ကို ဝိုင်းပြီးဝင်ဖမ်းကြတာ။ ကဝမြို့နယ် ကလေးကျေးရွာ ဆရာမနှစ်ယောက်က ဒေါ်မြင့်မြင့်စန်းနဲ့ ဒေါ်မိုးပပဝင်း၊ ဒေါ်မြင့်မြင့်စန်းကအလယ်တန်းပြ၊ ဒေါ်မိုးပပဝင်းက မူလတန်းပြ။"

ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးထဲက ရုံးမတက်ဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြနေကြတဲ့ ဝန်ထမ်းတွေဟာ ရက်ကြာလာတာနဲ့အမ ျှ နေထိုင် စားသောက်ရေး အခက်ခဲတွေရှိလာတယ်လို့ ပဲခူးမြို့ခံ တဦးက ပြောပြပါတယ်။

"ရှိတာပေါ့။ စားဝတ်နေရေးတွေကအစ သူတို့အတွက် နေရေးစားရေးတွေကအစ အခက်ခဲတွေကရှိကြတယ်။ နယ်က လူတွေကတော့ အဲဒီလိုမျိုး တန်းလှူတာမျိုးတော့ ရှိပါတယ်။ ရှိပေမဲ့ Wave Money လှူတယ်ဆီမှာ Wave Money က ဖွင့်လို့မရတော့ဘူးလေ။ ပိုက်ဆံလည်း လွှဲလို့မရတော့ဘူးပေါ့။ အခက်ခဲကတော့ ရှိပါတယ်။ သူတို့ကတော့ ပိုဆိုးတာပေါ့ CDM သမားတွေ။"

ဧပြီလ ၉ ရက်နေ့တုန်းက ပဲခူးမြို့ အဓိက သပိတ်စစ်ကြောင်းရဲ့ ခံတပ်လိုလုပ်ထားတဲ့နေရာကို စစ်ကောင်စီတပ်တွေကနေ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၈၀ ထက်မနည်း သေဆုံးခဲ့သလို အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အဲဒီသပိတ်ခံတပ်ရှိတဲ့ မဂ္ဂတစ်လမ်းမကြီးနေရာကို လုံခြုံရေးတပ်ဖွဲ့တွေကနေ နေရာယူထားပြီး ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပြကြပါတယ်။ ခုလိုအခြေအနေကြားမှာပဲ ပဲခူးမြို့မှာ တောင်းဆို ကြွေးကြော်သံတွေကို ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ၊ စတစ်ကာတွေကပ်ပြီး လူမဲ့သပိတ်၊ အသံတိတ်သပိတ်တွေကို ဆက်ပြီးလုပ်နေကြပါတယ်။ 


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/bago-myanmar-military-coup-protest/5859885.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ