ပေါက်ကွဲမှုတွေကြောင့် ရန်ကုန်လုံခြုံရေး တင်းကြပ်၊ ဖမ်းဆီးမှုတွေ ရှိ

လှည်းတန်း၊ ကမာရွတ် မြို့နယ်မှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (ဧပြီ ၁၆၊ ၂၀၂၁)

ရန်ကုန်မြို့မှာ အခုရက်ပိုင်း ပေါက်ကွဲမှု အသေးစားတွေဖြစ်နေတာမှာ ဒီနေ့ ဗဟန်းမြို့နယ်ထဲ ပေါက်ကွဲစေတဲ့ပစ္စည်း တွေ့တာကြောင့် လုံခြုံရေးအာဏာပိုင်တွေက ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ မသင်္ကာသူ လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လုံခြံုရေးတင်းကြပ်နေတဲ့ အခြေအနေနဲ့ ဆက်ပြီး ဆန္ဒပြနေကြတဲ့ ရန်ကုန်က သတင်းအပြည့်အစုံကို မဆုမွန် ကပြောပြပါမယ်။

စစ်တပ်နဲ့ ရဲလုံခြုံရေးကို နေရာ အနှံ့တွေ့နေရတဲ့ ရန်ကုန်မြို့မှာ ဒီနေ့ မနက်က အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ မနက် ၁၁ နာရီ ဝန်းကျင်လောက်က ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်နားမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ့လို့ လုံခြံုရေးတွေက ထိန်းချုပ်ဖောက်ခွဲခဲ့တယ်လို့ အဲဒီနားမှာ နေသူတယောက်က ဗွီအိုအေကို ပြောပါတယ်။ လူထိခိုက်မှု မရှိပေမဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အဲဒီအနီးနားမှာ ရှိနေတဲ့ လူငယ်တချို့ကို မသင်္ကာလို့ တပ်တွေ ဖမ်းဆီးသွားခဲ့ပါတယ်။

"ဗိုလ်စိန်မှန်လမ်းထဲက လမ်းလေးခွဆုံတဲ့နေရာမှာ ပေါက်တယ်။ ရွှေကံကော် လက်ဖက်ရည်ဆိုင်ရဲ့ ရှေ့မှာပေါက်တာ။ အဲဒီ ရွှေကံကော်လက်ဖက်ရည်ဆိုင်ရဲ့ ဘေးနားမှာပဲ သူရိန်ဆိုတဲ့ အလူမီနီယံဆိုင်ရှိတယ်။ အဲဒီက ကလေးတွေကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ ယောကျ်ားလေး ၄ ယောက်၊ မိန်းကလေး ၁ ယောက် အဖမ်းခံရတယ် ကြားတယ်၊ ပြန်လွတ် မလွတ်တော့ မသိသေးဘူး။ အဲဒီပေါက်တဲ့နေရာက အ.လ.က ကျောင်းရယ်၊ မ.ဝ.တ ရုံးရယ်နဲ့ မျက်စောင်းထိုးလောက်ပဲ။ သူကပေါက်တာမဟုတ်ဘဲ ရှာတွေ့တာကို သဲအိတ်နဲ့ ဖုံးပြီး ဖောက်လိုက်တယ်လို့ပြောတယ်။ အခုတလော ဗဟန်းမှာ ဦးချစ်မောင်လမ်းပေါ်မှာဆို လမ်းလယ်ခေါင်ကျွန်းမှာကို ထိုင်ပြီးတော့ လမ်းမတန်းကအိမ်တွေကို ခဲလုံးနဲ့ ဇိမ်ပြေနပြေ သူတို့စိတ်မကျေမနပ်ခြင်းကို ထိုင်ထုတာ။ အမတို့ဆီမှာ ၂ ရက်ခြား၊ ၃ရက်ခြားလောက် အဲဒီလိုမျိုးတွေ ဖြစ်တယ်။"

မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာလည်း မနက် ၁၀ နာရီဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတွေရောက်လာချိန်မှာတော့ အနီးဝန်းကျင်မှာ နေထိုင်သူတွေကို ဆဲဆိုခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လူထိခိုက်မှုတော့ မကြားမိဘူး။ မနက်အစောပိုင်း ခဏဖြစ်သွားတဲ့ ပုံစံမျိုး။ အဲဒီလိုမျိုး ပေါက်ကွဲမှုဖြစ်ပြီဆိုရင် သူတို့ရဲ့အကျင့်စရိုက်ကတော့ ဟိုဖောက်၊ ဒီဖောက်၊ မိုးပေါ်ထောင်ဖောက်။ ဟိုဆွဲ၊ ဒီဆွဲ အဲဒီလိုတော့ ရှိမယ်။"

ရန်ကုန်မြို့ထဲက လူနေရပ်ကွက် အနီးနားမှာ စစ်ကောင်စီတပ်တွေ တပ်စွဲ စခန်းချထားတာ၊ လမ်းပေါ်သွားနေတဲ့ လူတွေ၊ ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေကြောင့် လူအသွားအလာနည်းပါးနေတာနဲ့အတူ အခုလို အသေးစား ပေါက်ကွဲမှုတွေဖြစ်နေတာပါ။ ဧပြီလ ၁၇ ရက်နေ့ကလည်း ရန်ကင်းမြို့နယ်ထဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အဲဒီမှာ တပ်စွဲထားတဲ့ထဲက ဒုအရာခံဗိုလ်တယောက် သေဆုံးခဲ့ပါတယ်။ ခုလို ပေါက်ကွဲမှုတွေက ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျ မသိရပါဘူး။ ဒီလိုအခြေအနေတွေကြောင့် တချို့မြို့နယ်တွေမှာ လုံခြုံရေးတွေ ပိုပြီးတင်းကြပ်နေပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေကိုတော့ ရတဲ့နည်းနဲ့ ဆက်လုပ်နေကြပါတယ်။ နစက စစ်ကောင်စီကို ဖိတ်ကြားထားတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲတွေ အင်ဒိုနီးရှားနိုင်ငံမှာ ရက်ပိုင်းအတွင်း ကျင်းပဖို့ရှိနေချိန်မှာ အာဆီယံကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီနေ့ရှိခဲ့ပါတယ်။ သွေးစွန်းနေတဲ့ လက်တွေကို မကမ်းပါနဲ့၊ သတ်ဖြတ်မှုတွေကို အားမပေးပါနဲ့၊ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားပါဆိုတဲ့ စာသားတွေပါတဲ့ ကဒ်ထူဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြကြသလို အဲဒီကဒ်ထူပြားတွေကို လမ်းပေါ်ဖြန့်ခင်းပြီး လှိုင်မြို့နယ်ထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။

ည ၈ နာရီရောက်တိုင်း သံပုံးတီးပြီး အာဏာရှင်စနစ်ကို လက်မခံတဲ့ လှုပ်ရှားမှုတွေကိုလည်း ရန်ကုန်မြို့သူ မြို့သားတွေ ဆက်လုပ်နေကြပါတယ်။ သံပုံးတီးသူတွေကို ကင်းပုန်းစောင့်ဖမ်းတာ၊ လက်နက်ကိုင် အင်အားသုံးပြီး ခြိမ်းခြောက်တားဆီးတာတွေလည်း ရှိတယ်လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ လူငယ်တဦးက ပြောပါတယ်။

"ည ၇ နာရီခွဲလောက်ဆိုရင် အဲဒီကောင်တွေက ကင်းပတ်ပြီးတော့ သံပုံးတီးတဲ့အိမ်ဆိုရင် မတီးနဲ့ ဘာညာအော်ပြီး ဆဲတယ်၊ ဓာတ်မီးတွေ ထိုးတယ်။ အဲဒီလိုဆိုတော့ မီးတွေဘာတွေ ပိတ်ပြီးနေရတော့ သံပုံးမတီးဖြစ်တော့ဘူး။ ဟိုတနေ့ညကတော့ သံပုံးတီးတာကို စောင့်ကြည့်ပြီးတော့ နောက်တော့မှ လူအင်အားဖြည့်ပြီး ဆွဲသွားတာမျိုး ရှိတယ်လို့တော့ ကြားတယ်။ ဒီနောက်ပိုင်းတော့ သံပုံးတီးတာ သိပ်မရှိတော့ဘူး၊ လစ်ရင် လစ်သလိုတော့ တီးကြသေးတယ်။"

အင်းစိန်မြို့နယ်ထဲမှာ သင်္ဘောကဆင်းလာလို့ ကွာရန်တင်းဝင်နေတဲ့ သင်္ဘောသား ၂ ယောက်ကိုလည်း သံပုံးတီးလို့ဆိုပြီး သူတို့ တည်းခိုနေတဲ့ ဟိုတယ်ခန်းထဲအထိ တပ်တွေက ဝင်ရောက်ရိုက်နှက်ပြီး ငွေသားနဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့ကြပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/explosion-in-yangon-myanmar-military-coup/5859983.html

ပေါက်ကွဲမှုတွေကြောင့် ရန်ကုန်လုံခြုံရေး တင်းကြပ်၊ ဖမ်းဆီးမှုတွေ ရှိ ပေါက်ကွဲမှုတွေကြောင့် ရန်ကုန်လုံခြုံရေး တင်းကြပ်၊ ဖမ်းဆီးမှုတွေ ရှိ Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.