၂ဝ၂ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားခဲ့ကြောင်း AI ဖော်ပြ



ပြီးခဲ့တဲ့နှစ်၂ဝ၂ဝ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတစောင်ကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။ ၁၄၉ နိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာသုံးသပ် တင်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်လူမျိုးစု တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံတဝှမ်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေရှိနေခဲ့တယ်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ ထောင်နဲ့ချီတဲ့ အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း အစီရင်ခံစာထဲမှာ ပါရှိပါတယ်။

လူသားချင်းစာနာမှုအကူ အညီပေးရေးအဖွဲ့တွေဟာလည်း ပြင်းထန်တဲ့ တားမြစ်ကန့်သတ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂၀၂၀/၂၁ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့အချိန်မှာ ရခိုင်နဲ့ ချင်းပြည်နယ်တွေအတွင်း သတင်းအချက်အလက် ရပိုင်ခွင့်တွေကို အာဏာပိုင်တွေက ထိန်းချုပ်ခဲ့လို့ ဒေသခံတွေအတွက် နစ်နာမှုတွေ ရှိခဲ့တဲ့အကြောင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေလည်း နိုင်ငံတဝှမ်းမှာ ဆက်ရှိနေခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကိုလည်း အာဏာပိုင်တွေက မတရားသဖြင့်ထိမ်းချုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၈ရက်နေ့ မှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ်က လူတော်တော်များများ အပါအဝင် လူ ၁သန်းခွဲကျော် မဲပေးခွင့် နစ်နာခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာလည်း စစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံချက်တွေ ထွက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိခဲ့ကြောင်း၊ ဖမ်းဆီးသတ်ဖြတ်တာ၊ မတရား ဖမ်းဆီးချုပ်နှောင်တာ၊ လူငယ်တွေကို လက်နက်ကိုင်အုပ်စုတွေမှာ ဝင်ဖို့ စစ်သား စုဆောင်းတာ၊ ငွေညစ်တာကို လုပ်ခဲ့ကြကြောင်း ဆိုပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ ရက် နေ့တုန်းက ရခိုင်အမျိုးသမီးတဦးကို မြန်မာစစ်သား သုံးယောက်က အဓမ္မပြုကျင့်ခဲ့တာကို မြန်မာစစ်တပ်က နှစ်ကုန်ပိုင်း စက်တင်ဘာ ၁၁ရက်နေ့က ဝန်ခံခဲ့တယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်း ပြည် မြောက်ပိုင်းဒေသတွေမှာ လူသုံးသိန်းလောက် အိုးအိမ်စွန့်ခွာခဲ့ရတယ်၊ ထိုင်းမြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရှိလာခဲ့တဲ့ နေရပ်စွန့်ခွာခဲ့ရသူတွေဟာ ထောင်နဲ့သောင်းနဲ့ ချီ ဆက်ပြီးရှိနေတုန်းပဲလို့ ဆိုပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး ပုဒ်မ ၆၆ဃ၊ ပုဒ်မ ၅၀၅ က၊ ခ စတဲ့ ဥပဒေတွေနဲ့အရေးယူခဲ့လို့ ပြီးခဲ့တဲ့နှစ်အတွင်း ၅၈ယောက် ထောင်ချခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်မှတ်တမ်းတင်သူတွေ၊ သတင်းသမားတွေနဲ့ မီဒီယာ လုပ်ငန်းတွေဟာလည်း လက်နက်ကိုင်ပဋိပက္ခတွေလို ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဖော်ပြမယ်ဆိုရင် ဖိအားပေးခံရတာတွေ၊ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးဖို့ ခြိမ်းခြောက်ခံရတာတွေလည်း ရှိခဲ့တယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဧပြီလ ၆ရက်နေ့ထုတ် နှစ်ပတ်လည် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

RFA Burmese



၂ဝ၂ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားခဲ့ကြောင်း AI ဖော်ပြ ၂ဝ၂ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားခဲ့ကြောင်း AI ဖော်ပြ Reviewed by THITHTOOLWIN on 09:45 Rating: 5

No comments:

Powered by Blogger.