စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို IIMM အဖွဲ့က စစ်ဆေးမည်






(၂၄-၃-၂၀၂၁)

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။

ဂျီနီဗာမှာ ဒီနေ့ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂရဲ့ ကိုယ်စား အလှည့်ကျဥက္ကဌ ပေါ်တူဂီသံအမတ်ကြီး Rui Macieira က ဒီအချက်ကို တင်ပြခဲ့တာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က သောကြာနေ့မှာ တိုက်တွန်းထားတဲ့အတိုင်း -မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်ဆိုင်းပြီး ဒီမိုကရေစီကို ပြန်လည်ဦးတည်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက တညီတညွတ်တည်း ဆောင်ရွက်ဖု့ိလိုတယ်- ဆိုတာကို သံအမတ်ကြီးက ထောက်ပြပါတယ်။

-ဒီအတွက် လုံခြုံရေးတပ်တွေက အင်အားသုံးဖြိုခွင်းမှုတွေကို ချက်ခြင်းရပ်ရ ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါဝင် ဖမ်းဆီးထားသူ အားလုံးကိုလွှတ်ပေးရမယ်၊ IIMM အဖွဲ့ရဲ့ စုံစမ်းမှုကို ခွင့်ပြုရမယ်-လို့ ပေါ်တူဂီ သံအမတ်ကြီးကပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးကျော်မျိုးထွန်းကတော့ ဒီအဖွဲ့ကို စစ်ကောင်စီကလက်ခံ မထားဘူး။ ICC နိုင်ငံတကာ ရာဇဝတ်ရုံးတင်ရေးကိုလည်း စစ်ကောင်စီက လက်မခံဘူးလို့ ငြင်းဆိုပါတယ်။

IIMM အဖွဲ့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး မူလ ဖွဲ့စည်းစဉ်က ရခိုင်မြောက်ပိုင်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေကို စုံစမ်းဖို့ဖြစ်ပေမယ့် အခုတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ကိုယ့်နိုင်သားတွေအပေါ် ရက်စက်စွာသတ်ဖြတ်မှုကို စနစ်တကျ စုံစမ်းဖေါ်ထုတ်ဖို့ ဦးတည် လာနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းတုန်းကတော့ မြန်မာပြည်သူတွေအနေနဲ့ ရထားသမျှ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေကို သူတို့ဆီ ပေးပို့ကြဖို့ IIMM အဖွဲ့က ကြေညာချက် တစောင် ထုတ်ခဲ့ပါတယ်။

IIMM အဖွဲ့ရဲ့ခေါင်းဆောင် Nicholas Koumjian ဟာ လိုက်ဘေးရီးယားက သမ္မတဟောင်း ချားလ်တေလာနဲ့ ကမ္ဘောဒီးယားက ခမာနီ ခေါင်းဆောင်ဟောင်းတွေကို နိုင်ငံတကာ ခုံရုံးတင်ရေးအတွက် စွဲချက်တင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို IIMM အဖွဲ့က စစ်ဆေးမည် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို IIMM အဖွဲ့က စစ်ဆေးမည် Reviewed by THITHTOOLWIN on 08:13 Rating: 5

No comments:

Powered by Blogger.