အကြမ်းဖက်နှိမ်နင်းမှု အထောက်အထားတွေ ကုလစုံစမ်းရေးအဖွဲ့ ကောက်ယူနေတာ ဘယ်လောက်အရေးပါမလဲ


မြန်မာစစ်အာဏာသိမ်းအပြီး ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်နှိမ်နင်းမူတွေကို၊ တိုင်ကြားကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာစုံစမ်းစစ်ဆေးမူယန္တယား (IIMM) က အများပြည်သူကို ကမ်းလှမ်းတောင်းဆိုတာဟာ အထူးအရေးပါပြီး နောက်ပိုင်းတရားစွဲနိုင်ချိန်အတွက် ထိရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံထဲကို ဒီကုလအဖွဲ့မသွားနိုင်ချိန်မှာ၊ ထိရောက်တဲ့အထောက်အထားမျိုးကို လုံလုံခြုံခြံုနဲ့ ပို့ပေးနိုင်ဖို့က အရေးကြီးပြီး၊ နောင်တချိန်ခုံရုံးတင်ဖို့ လက်ရှိ CRPH လွှတ်တော်ကိုယ်စားပြုကော်မတီခန့်ပေးတဲ့ အစိုးရကလည်း၊ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကျုးလွန်ခဲ့တဲ့ အကြီးမားဆုံးလူ့အခွင့်အရေးချိုးဖောက်မူတွေစုဆောင်းဖို့၊ ကုလသမဂ္ဂကနေ ၂၀၁၈ ခုနှစ်မှာဖွဲ့ပေးခဲ့တဲ့ဒီ IIMM အဖွဲ့အနေနဲ့၊ အခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းအပြီး ပစ်ခတ်နှိမ်နင်းမူတွေအပေါ်လည်း၊ စောင့်ကြည့်မှတ်တမ်းယူနေတာက အရေးပါတယ်လို့၊ ရှေ.ပြေးအသံအဖွဲ့ ((Progressive Voice) အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ မခင်ဥမ္မာက ဆိုပါတယ်။

“လက်ရှိ တတိုင်းပြည်လုံး ကြုံနေရတဲ့ အကြမ်းဖက်ခံနေရတဲ့ အချိန်မှယ အခူလိုမျိုး ကုလသမဂ္ဂကနေဖွဲ့ပေးလိုက်တဲ့ ဒီ စုံစမ်းစစ်ဆေးရေး ယန္တရားရှိတာက အရမ်းကောင်းတယ် ။ အခု ဒီ အာဏာလု စစ်အုပ်စုကနေပြီးတော့မှ သူတို့ အကြမ်းဖက် ညှဉ်းပမ်းနှိတ်စက် မှုတွေ လုပ်နေတာက Crime Against Humanity လို့ ခေါ်တဲ့ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်သွားပြီ။ ပြည်တွင်း ဥပဒေနဲ့ ကိုင်လို့ ရတဲ့ ကိစ္စတွေလည်း မဟုတ်တော့ဘူး ဒါက နိုင်ငံတကာ ရာဇဝတ်မှု ချိုးဖောက်တာဖြစ်တယ်။”

ဒီ IIMM အကြောင်းအနီးကပ်လေ့လာထားတဲ့ မခင်ဥမ္မာအပြင်၊ Harvard တက္ကသိုလ် ဥပဒေကျောင်းက၊ မြန်မာ့အရေး ဆယ်စုနှစ်တွေနဲ့ချီ လေ့လာလုပ်ဆောင်လာခဲ့တဲ့ ပါမောက္ခ Tyler Giannini ကလည်း၊ ဒီ လွတ်လပ်တဲ့ကုလစုံစမ်းရေးအဖွဲ့အနေနဲ့ ချက်ချင်းအရေးယူနိုင်တာမျိုးမဟုတ်ပေမဲ့၊ နောက်ပိုင်းခုံရုံးတင်နိုင်ချိန်အတွက် အရေးပါတာတွေ စုဆောင်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီအဖွဲ့ ရှိထားမူက အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ကြာလာလေ၊ ဒီ အထောက်အထားတွေက ပျောက်ဆုံးသွားနိုင်လေမို့ပါ။ နောက်တဆင့်အတွက် ဘယ်ခုံရုံးမှာ တင်မယ်၊ ဘယ်လိုတရားစွဲနိုင်မယ်ဆိုတာကလည်း၊ ဒီအထောက်အထားတွေရဲ့ ခိုင်လုံအားကောင်းမူအပေါ်မှာ မူတည်နေတာမို့ အရေးပါပါတယ်။”

ပါမောက္ခ Giannini ရော မခင်ဥမ္မာကပါ၊ လုံလုံခြုံခြံုဆက်သွယ်နိုင်ဖို့အတွက် ဒီ IIMM အဖွဲ့ရဲ့ Website အင်တာနက် စာမျက်နှာ https://iimm.un.org မှာပြောထားတာကနေ ဆက်သွယ်နိုင်တယ်၊ ဒါမှမဟုတ် NGO အဖွဲ့တွေ အထူးသဖြင့် လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့တွေကို အကူအညီ တောင်းနိုင်တယ်၊ ပြီးရင်တော့ ဒီအထောက်အထားတွေဖျက်ပစ်လိုက်ဖို့ အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဒီ IIMM အဖွဲ့ အင်တာနက်စာမျက်နှာမှာ လုံခြုံအောင် Signal အင်တာနက်ဖုန်းကို Download လုပ်ပြီး၊ နံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ၀၈ ကို (သို့မဟုတ်) Proton Mail - mountain741@protonmail.com ကို Email ပို့ဖို့ မှာထားပါတယ်။

နောက် မြန်မာနိုင်ငံမှာ တရားမျှတမူရရေး၊ မကြာခင်ကအထိ၊ ၆ နှစ်ကျော်အနီးကပ်လုပ်ဆောင်ခဲ့ပြီး၊ အာရှဒေသတွင်း ဥပဒေရေးရာကျွမ်းကျင်သူ သြစတျေးလျအခြေစိုက် ရှေ.နေ Caitlin Reiger ကလည်း ထိရောက်တဲ့အချက်အလက်မျိုးဖြစ်အောင် ကောက်ယူသင့်ပုံကို ရှင်းပြပါတယ်။

“ဘာဖြစ်ခဲ့တယ်ဆိုတာတင် ယူတာဟုတ်ပါဘူး၊ ဘာဖြစ်ခဲ့တယ်ဆိုတာသက်သက်က လူတိုင်း သိလေ့ရှိပါတယ်။ ဒါကလည်း အရေးကြီးပါတယ်။ နောက်အရေးကြီးတာက၊ စစ်အုပ်စု အတွင်းက သတင်းပါ။ ဘယ်သူကအမိန့်ပေးတာ၊ ဘယ်လိုအမိန့်ပေးစနစ်အဆင့်ဆင့်ကိုဖြတ်လာတာလဲ၊ ဘာတွေပြင်ဆင်ခဲ့တာလဲ၊ ဒီသတင်းမျိုးက တာဝန်ရှိခဲ့သူတွေကို တရားကြောင်းအရ နောက်ဆုံးမှာ အရေးယူနိုင်ဖို့မှာ အရေးပါတယ်ရှင့်။ ဒါပေမဲ့ ဒီလိုအချက်တွေက အတွင်းမှာမို့ ရဖို့ခက်တာသိပါတယ်။ ဒါပေမဲ့ သူတို့က ပေါ်ပေါ်ထင်ထင် အကြမ်းဖက်နေတာဆိုတော့၊ သိထားနိုင်တဲ့ အောက်ခြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆွေမျိုး မိတ်ဆွေတွေကနေလည်း ရနိုင်တယ်၊ နောက် အခု CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းတွေဆီကရောပေါ့။”

ဒီထိရောက်မယ့် ကောက်ယူပုံအတွက် မခင်ဥမ္မာကလည်း ပုံမှန် ကိုယ်ခံစားရတာသက်သက်မဟုတ်ဘဲ၊ ကျူးလွန်သူ ဘယ်သူဆိုတာ အသေးစိတ်ပါရအောင်ကြိုးပမ်းပြီး နောက်အရေးပါတဲ့ ကျည်ဆံခွံအထောက်အထားကိုလည်း ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် ရှေ့နေ Reiger ကလည်း၊ နောက်အရေးပါတဲ့ ကောက်ယူပုံမျိုးကို ဆက်ရှင်းပြပါတယ်။

“အသေးစိတ်ယူဖို့ အထူးအရေးကြီးတာကလည်း၊ ဘယ်လို လက်နက်တွေ သုံးခဲ့တယ်၊ စစ်တပ်အရာရှိတွေရော ပါနေခဲ့လား၊ ဘယ်တပ်နံပါတ်ကလဲ၊ ရဲဝတ်စုံဝတ်ထားပေမဲ့ ရဲအစစ်မဟုတ်ဘဲနဲ့၊ စစ်သားတွေဖြစ်နေလား၊ စတဲ့ အဲ့ဒီလို အချက်အလက် အသေးစိတ်မျိုးကို အထောက်အထားအဖြစ် စုနိုင်ရင် အရမ်းကိုထိရောက်မှာပါ။”

ဒီနေရာမှာ လုံခြုံရေးတပ်တွေအတွက်လည်း ပါမောက္ခ Giannini က ခုလိုအကြံပြုပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို ပစ်ဖို့ အမိန့်ပေးခံရရင်၊ ဒါက တရားဥပဒေနဲ့မညီတဲ့ အမိန့်ပါ၊ မလိုက်နာလို့ရပါတယ်၊ နိုင်ငံတကာဥပဒေမှာ ပါပါတယ်။ ဒါပေမဲ့ မလိုက်နာခဲ့ရင်၊ ကိုယ့်လုံခြံုရေးအတွက်တော့ ထိခိုက်သွားနိုင်တာပေါ့။ ဒါပေမဲ့ IIMM အဖွဲ့ကတော့၊ အခုလို တရားဥဒေနဲ့မညီတဲ့ အမိန့်မျိုး လက်ခံရရင်၊ သူတို့ဆီ ပို့ပေးနိုင်ကြောင်းလည်း ပြောထားပါတယ်။”

ဒါ့အပြင် မခင်ဥမ္မာကလည်း၊ နောက်တရားစွဲနိုင်ရေးအတွက် လုံခြုံရေးကောင်စီကနေ တရုတ်နဲ့ရုရှားကြောင့် ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲမပေးရင်တောင်၊ အခု CRPH အစိုးရက ကြိုးပမ်းနိုင်ပုံကို ဆက်ရှင်းပြတယ်။

“ဒါက Acting government ပေါ့နော် ဒုသမ္မတ မန်းဝင်းခိုင်သန်း နောက်တဆင့်အနေနဲ့ ICC ခုံရုံးမှာ ကြည့်ပေးနိုင်ဖို့အတွက် ရောမစာချုပ်ကို လက်မှတ်ထိုးချင်ပါတယ်၊ လက်မှတ်ထိုးပါမယ် ဆိုတဲ့အထိ လုပ်နိုင်မယ်ဆိုရင်တော့ လမ်းတော်တော်တွင်သွားမယ်။”

တကယ်တော့ မြန်မာနိုင်ငံထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ မဆိုင်သူတွေပါ သေနပ်နဲ့ပစ်ခံရ၊ သေကျေလာရကြချိန်မှာ၊ ကုလသမဂ္ဂရဲ့ ဒီလုပ်ငန်းစဉ်ဝိုင်းကူပေးဖို့၊ အမေရိကန်သံရုံးအပါအဝင် အခြားနိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်းထောက်ခံပေးလာနေပါတယ်။ 


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-iimm-how-much-effective-will-be-/5827296.html

အကြမ်းဖက်နှိမ်နင်းမှု အထောက်အထားတွေ ကုလစုံစမ်းရေးအဖွဲ့ ကောက်ယူနေတာ ဘယ်လောက်အရေးပါမလဲ အကြမ်းဖက်နှိမ်နင်းမှု အထောက်အထားတွေ ကုလစုံစမ်းရေးအဖွဲ့ ကောက်ယူနေတာ ဘယ်လောက်အရေးပါမလဲ Reviewed by THITHTOOLWIN on 08:15 Rating: 5

No comments:

Powered by Blogger.