ကုလသမဂ္ဂပဋိညဉ်ပါ အပိုဒ် ၉၉ အသုံးပြုဖို့ အတွင်းရေးမှူးချုပ်ကို GLF တောင်းဆို

ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုဖောင်ဒေးရှင်း GLF အဖွဲ့ ဥက္ကဋ္ဌ၊ တောင်အာဖရိက နိုင်ငံသမ္မတဟောင်း FW de Klerk။ (ဇန်နဝါရီ ၃၁၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေး တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်းနေတဲ့ အနေအထားမှာ အပိုဒ် ၉၉ ပါ အချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တရားဝင်အရေးပေါ် အစည်းအဝေးခေါ်ယူဖို့နဲ့ R2P အကာအကွယ်ပေးရန်တာဝန်ရှိမှု လုပ်ငန်းစဉ်ကို လုံခြုံရေးကောင်စီက အကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုဖောင်ဒေးရှင်း GLF က ထပ်မံ တောင်းဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အထူးစိုးရိမ်စရာရှိနေတဲ့အတွက် ကုလသမဂ္ဂပဋိညဉ်စာတန်းပါ အပိုဒ် ၉၉ ကို အကောင်အထည်ဖော်ဖို့ ဆိုတာရော R2P ကိစ္စရော ဒီလ အစောပိုင်းတွေမှာကတည်းက သူတို့အဖွဲ့က တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံမှာက ပြီးခဲ့တဲ့ တပ်မတော်နေ့ မတ်လ ၂၇ ရက်နေ့က အခြေအနေကလည်း ဆိုးရွားလွန်းပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တနေ့ထဲမှာ လူအမြောက်အများ သတ်ဖြတ်မှုကြောင့် ကလေးလူကြီး မရွေး လူ ၁၀၀ ကျော်သေဆုံးခဲ့ရတယ်။ ဒီလို စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်ပြီးဖြစ်နေတာကို တားဆီးဖို့ နိုင်ငံတကာက ပူးပေါင်းဆုံးဖြတ်ချက်နဲ့ ပြတ်ပြတ်သားသား တုံ့ပြန်ကိုင်တွယ်ဖို့ အရေးတကြီးလိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူး ပြောကြားခဲ့သလိုပဲ ဒီလိုလုပ်ရပ်တွေကို ကမ္ဘာက လုံးဝ လက်မခံနိုင်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက မျက်ကွယ်ပြုနေလို့မရပါဘူးဆိုပြီး GLF အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ တောင်အာဖရိက နိုင်ငံသမ္မတဟောင်း FW de Klerk က ပြောပါတယ်။

R2P ဆိုတာကလည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိူးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကို ကျူးလွန်တဲ့အခါ နိုင်ငံကို ကာကွယ်ပေးရမယ့်သူတွေက အများပြည်သူကို မကာကွယ်နိုင်ဘဲ ပျက်ကွက်ရင် အကောင်အထည်ဖော်ရမှာဖြစ်လို့ အခုမြန်မာနိုင်ငံအနေအထားက R2P နဲ့ ကိုင်တွယ်ရမယ့် အနေအထား ရောက်နေပါတယ်လို့လည်း သူတို့ ကြေညာချက်မှာ ရေးထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာဦးဆောင်မှုဖောင်ဒေးရှင်း GLF အဖွဲ့ဟာ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး Australia ဝန်ကြီးချုပ်ဟောင်း Kevin Rudd ၊ India နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeswant Singh ၊ Liberia သမ္မတဟောင်း Ellen Johnson Sirleaf အစရှိတဲ့ နိုင်ငံခေါင်းဆောင်ဟောင်းတွေ ထိပ်တန်း သံတမန်တွေ ပါဝင်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/r2p-un-myanmar-military-coup/5833704.html

ကုလသမဂ္ဂပဋိညဉ်ပါ အပိုဒ် ၉၉ အသုံးပြုဖို့ အတွင်းရေးမှူးချုပ်ကို GLF တောင်းဆို ကုလသမဂ္ဂပဋိညဉ်ပါ အပိုဒ် ၉၉ အသုံးပြုဖို့ အတွင်းရေးမှူးချုပ်ကို GLF တောင်းဆို Reviewed by THITHTOOLWIN on 05:45 Rating: 5

No comments:

Powered by Blogger.