ကရင်ဒေသ လေကြောင်ဗုံးကြဲတိုက်ခိုက်မှု နှစ် ၂ဝ အတွင်း အဆိုးဆုံးလို့ FBR ပြော


အာဏာသိမ်းစစ်ကောင်စီက KNU ကို နေ့စဉ်ဆက်တိုက် လေကြောင်းကနေ ထိုးစစ်ဆင်နေတာကြောင့် မနေ့က ညောင်လေးပင်ခရိုင်အတွင်းမှာ ဒုက္ခသည် အနည်းဆုံး ၆ ယောက်သေဆုံးပြီး၊ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Free Burma Rangers က ပြောဆိုလိုက်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အဆိုးဆုံးဖြစ်ပြီး၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော်အတွက် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ Free Burma Rangers ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတ်လ ၂၇ ရက်နေ့ကစပြီး လေကြောင်းကနေ နေ့စဉ် ဗုံးကြဲ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Free Burma Rangers အဖွဲ့က ပြောဆိုလိုက်ပါတယ်။

လက်ရှိ ကရင်ပြည်နယ်တွင်းက နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး Free Burma Rangers အဖွဲ့ တည်ထောင်သူ David Eubank က -

“လေကြောင်းကနေ ပိုမိုထိုးစစ်ဆင်လာနေတာ။ ဒီနေ့ဆိုရင်လည်း ကရင်ပြည်နယ်ထဲက မုထရောလို့ခေါ်တဲ့ ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်ကြားဒေသနဲ့ သထုံခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ ယောက် သေပြီး ၁၁ ယောက် ဒဏ်ရာရပါတယ်။ အခုဆိုရင် လူပေါင်း ၁၂ဝဝဝ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါ တယ်။ ဒီလူတွေအတွက် အစားအစာ၊ ဆေးဝါးနဲ့ ခိုလှုံစရာတွေ လိုအပ်နေပါတယ်။”

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေအရေး ကူညီနေတဲ့ အဖွဲ့အခုဖြစ်ပြီး တည်ထောင်ထားတာ နှစ်သုံးဆယ်နီးပါးရှိနေပါပြီ။ ဒီအဖွဲ့ထဲမှာ မြန်မာတိုင်းရင်းသားတွေအပြင် နိုင်ငံတကာက လူမှုကူညီရေးလုပ်ဆောင်သူတွေ လည်းပါဝင်ကြပါတယ်။

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ KNU တပ်မဟာ ၅ ရဲ့ ကြေညာချက်ထဲမှာလည်း - စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးကြဖို့နဲ့ အရပ်သားတွေအပေါ် မြန်မာစစ်တပ်က တိုက်ခိုက်နေတာတွေ ရပ်ခိုင်းဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ဖာပွန်ခရိုင်တောင်ပိုင်းမှာလည်း မနေ့မနက်က လေကြောင်းကနေ ဗုံး ၅ လုံး ကြဲခဲ့တာကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ Free Burma Rangers က ပြောပါတယ်။

Free Burma Rangers ရဲ့စာရင်းအရ - မတ်လ ၂၈ ရက်ကနေ ၃ဝ ရက်နေ့အထိ မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သား အနည်းဆုံး ၁၃ ယောက်ရှိပြီး၊ ဒီအထဲမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပါတယ်။

မတ်လ ၂၇ ရက်နေ့က မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ခြေမြန်တပ်ရင်း (၃၉၄) သီးမူထာ အခြေ စိုက်စခန်းကို KNU က သိမ်းပိုက်ချိန် မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်သား ၁ဝ ဦး သေဆုံးခဲ့တာကြောင့် ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဘက်က ကရင်ပြည်နယ် အထူးသဖြင့် တပ်မဟာ ၅ နေရာကို လေကြောင်းကနေ နေ့ရော၊ ညပါ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

“အခြေအနေဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကထက် အများကြီး ဆိုးတယ်။ လေကြောင်းတိုက်ခိုက်တာကလည်း အရှိန်မြှင့်လာနေပါတယ်။ ညဖက်မှာ လေကြောင်းက တိုက်ခိုက်တာမျိုး အရင်က မကြုံခဲ့ဖူးဘူး။ ဒါဟာ မြန်မာ စစ်တပ်က အရင်ထက်ပိုပြီး အသေအကျေ တိုက်ခိုက်နိုင်စွမ်း တိုးလာနေပြီး၊ နိုင်ငံခြားအကူအညီ ရထားတဲ့ သဘောပါ။ တရုတ်ဖြစ်မလား၊ ရုရှားဖြစ်မလား၊ ဘယ်နိုင်ငံက အကူအညီရထားသလဲ ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အရင်ထက်ပိုပြီး စွမ်းရည်တက်လာတာတော့ သေချာပါတယ်။ အခုလို လေကြောင်းက တိုက်ခိုက်မှုမျိုး လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း ကရင်ပြည်နယ်မှာ ကျနော် မတွေ့ခဲ့ဖူးပါဘူး။”

မြန်မာစစ်တပ်ဘက်က ထောင်နဲ့ချီပြီး အင်အားအလုံးအရင်းနဲ့ ကရင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ တက်လာနေ တာကြောင့် KNU ဘက်က ပြန်ခုခံ တိုက်ခိုက်သွားမယ်လို့လည်း တပ်မဟာ ၅ ရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်လာနိုင်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာက အကူအညီပေးဖို့ကိုလည်း KNU က တောင်းဆိုထားပါတယ်။

မတ်လ ၂၉ ရက်နေ့ကတော့ ထိုင်းနိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် ၂၅ဝဝ ကျော်ရှိပြီး၊ ဒီဒုက္ခသည်တွေကို ထိုင်းက လက်မခံဘဲ မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်ခဲ့တာပါ။

KNU ဟာ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်း လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သလို၊ စစ်အာဏာဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေကိုလည်း KNU နယ်မြေထဲမှာ ခိုလှုံခွင့်ပေးထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေ ပြီး၊ ဒီရက်ပိုင်းမှာပဲ ကရင်ပြည်နယ်ကိုရော၊ ကချင်ပြည်နယ်မှာပါ မြန်မာစစ်တပ်ဘက်က တပြိုင်တည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာပါ။

ဒါကြောင့် ကချင်ပြည်နယ်မှာလည်း ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေ များလာနေတဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

RFA Burmese



ကရင်ဒေသ လေကြောင်ဗုံးကြဲတိုက်ခိုက်မှု နှစ် ၂ဝ အတွင်း အဆိုးဆုံးလို့ FBR ပြော ကရင်ဒေသ လေကြောင်ဗုံးကြဲတိုက်ခိုက်မှု နှစ် ၂ဝ အတွင်း အဆိုးဆုံးလို့ FBR ပြော Reviewed by THITHTOOLWIN on 05:41 Rating: 5

No comments:

Powered by Blogger.