ထိခိုက်ဒဏ်ရာရသူ ကရင်စစ်ပြေးဒုက္ခသည်များ ထိုင်းလက်ခံဆေးကုပေး

ကရင်စစ်ရှောင်ဒုက္ခသည်များကို ဆေးကုသပေးနေတဲ့ ထိုင်း ကျန်းမာရေးဝန်ထမ်းများ။ (မတ် ၃၀၊ ၂၀၂၁)

ကရင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင် KNU တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို ထိုင်းဘက်က အတင်းနှင်ထုတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ စစ်ပြေးဒုက္ခသည်တွေထဲက ထိခိုက်ဒဏ်ရာရသူတချို့ကိုတော့ ထိုင်းဘက်က လက်ခံဆေးကုပေးနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပါမယ်။

ကရင်ပြည်နယ်ထဲက KNU နယ်မြေဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်နဲ့ နီးတဲ့ ဖာပွန်ခရိုင်မှာ စစ်တပ်က မတ်လ ၂၇၊ ၂၈ မှာ ၂ ရက်ဆက်တိုက် တိုက်လေယာဉ်တွေ သုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီဘက်တွေမှာ နေနေကြတဲ့ ကရင်ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေကြတာပါ။ မတ်လ ၂၉ ရက်နေ့က ထိုင်းဘက်ကို ရောက်လာတဲ့ ကရင်ဒုက္ခသည်တွေကို ထိုင်းဘက်က မြန်မာဘက် ပြန်သွားဖို့ အတင်းနှင်ထုတ်တဲ့ ဗီဒီယိုဖိုင် နိုင်ငံတကာ သတင်းမီဒီယာတွေက ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကရင်စစ်ပြေးဒုက္ခသည် ကလေး၊ လူကြီးအားလုံး ထိုင်းနဲ့ မြန်မာနယ်စပ်ကြားက မြစ်ကမ်းစပ်ဘက်ကနေ မြန်မာဘက်ပြန်သွားဖို့ ကြိုးစားနေတဲ့ ပုံတွေတွေ့ရပါတယ်။ အခုလို ဒုက္ခသည်တွေ သွားနေတာကို ထိုင်းစစ်သားတွေက စောင့်ကြည့်နေတာကိုလည်း ဗီဒီယိုထဲမှာ မြင်ရပါတယ်။ ဒါကို ထိုင်းအာဏာပိုင်တွေဘက်က သူတို့ အတင်းနှင်မထုတ်ပါဘူးလို့ ငြင်းဆန်ထားပေမဲ့ ကရင်ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကတော့ လူဦးရေ ၂,၀၀၀ ကျော်လောက်ကို အတင်းနှင်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာတော့ ရောက်လာတဲ့ ဒုက္ခသည်တွေထဲက ထိခိုက်ဒဏ်ရာရလာသူ တချို့ကို ထိုင်းရွာသားတွေက လက်ခံ ဆေးကုသပေးနေတယ်လို့ ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်စိုးက ပြောပါတယ်။

"ရောက်လာတယ်... ၇ ယောက်လား မသိဘူး.. ဒဏ်ရာတွေနဲ့။ ဒီဘက်ကမ်းမှာတော့ ဆေးရုံပို့ပေးတယ်။ ဆေးကုလာတာတော့ လက်ခံတယ်။ သွေးရဲရဲ၊ သံရဲရဲဖြစ်နေတာကိုး။ ဒါပေမဲ့ သူတို့ မသိလိုက်ဘဲနဲ့ ရောက်လာတဲ့သူတွေလည်း ရှိတယ်။ ထိုင်းစစ်တပ်မရှိတဲ့နေရာမှာ ကူးလာတဲ့သူတွေလည်း ရှိတယ်။ မသိရင်တော့ ဒီအတိုင်းပဲနေနေတာပေါ့။ လက်ခံတယ်၊ ဘာရယ်တော့မဟုတ်ဘူး။ စစ်တပ်မရှိတဲ့နေရာမှာ ရောက်လာတာတော့... စစ်တပ်သိသွားရင်တော့ ပြန်မောင်းထုတ်တာပေါ့။"

ထိုင်းဘက်ကို ရောက်လာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်က လက်မခံတာမျိုး မဖြစ်သင့်ဘူးလို့ ဦးအောင်စိုးကဆက်ပြောပြပါတယ်။

"ဟိုမှာက တိုက်ပွဲတွေနဲ့ လူထုကို လုပ်ချင်တိုင်းလုပ်နေတာပဲလေ။ သေနတ်က အခုမထွက် ခဏနေပြန်ထွက်တာပဲ။ ဟိုစစ်တပ်က ပြီးသွားတာမှာ မဟုတ်တာ။ လေယာဉ်လည်းမလာတော့ဘူး၊ တိုက်ပွဲတွေ မရှိတော့ဘူးဆိုပြီး စာချုပ်ချုပ်ထားတာ မဟုတ်တာ။ လာတိုက်တာကလည်း ပြီးသွားတာမှ မဟုတ်တာ။ တိုက်ချင်တိုက်ဦးမှာ။ လေယာဉ်လည်း လာချင်လာဦးမှာပဲ။"

စစ်ပြေးဒုက္ခသည်တွေ အများဆုံး ဝင်လာနေတဲ့ မယ်ဟောင်ဆောင်ပြည်နယ်ဘက်ကို သတင်းထောက်တွေကို သွားခွင့်မပေးသလို အစိုးရမဟုတ်တဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေလည်း သွားရောက်ခွင့် ထိုင်းအစိုးရက ကန့်သတ်ထားပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/thia-myanmar-karen-refugees/5833733.html

ထိခိုက်ဒဏ်ရာရသူ ကရင်စစ်ပြေးဒုက္ခသည်များ ထိုင်းလက်ခံဆေးကုပေး ထိခိုက်ဒဏ်ရာရသူ ကရင်စစ်ပြေးဒုက္ခသည်များ ထိုင်းလက်ခံဆေးကုပေး Reviewed by THITHTOOLWIN on 05:47 Rating: 5

No comments:

Powered by Blogger.