ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင် အင်းစိန်ထောင်မှ လွတ်မြောက်

အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူများ။ (မတ် ၂၄၊ ၂၀၂၁)

ရန်ကုန် နေရာအနှံ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆန္ဒပြသူ အယောက် ၆၀၀ ဝန်းကျင်လောက်ဒီနေ့ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပါတယ်။ ဆက်လက် ထိန်းသိမ်းခံထားရသူတွေလည်း အများအပြား ရှိနေဆဲပါ။ ရန်ကုန်ကလာတဲ့သတင်း မဆုမွန်က ပြောပြပေးမှာပါ။

မတ်လ ၃ ရက်က ဖမ်းဆီးခံရတဲ့ ရန်ကုန်တိုင်း နေရာအနှံ့က ဆန္ဒပြသူတွေကို စစ်အုပ်ချုပ်ရေးကောင်စီက ဒီကနေ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး လက်ရှိတော့ ပြန်လွတ်လာတဲ့ စာရင်းနဲ့ ဖမ်းဆီးခံရတဲ့ စာရင်းကိုက်မကိုက်ကို စစ်ဆေးမှုတွေ ပြန်လုပ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ကတော့ အားလုံးစုစုပေါင်း ၆၀၀ ကျော်လောက် လွတ်တယ်လို့ သိရတယ်။ ကလေးတွေ ပြန်ပြောချက်အရ အထဲမှာတော့ ၁,၄၀၀၊ ၁,၅၀၀ လောက် ကျန်ခဲ့တယ်လို့ ပြောတယ်။ ကျမတို့ကတော့ အခု ရှေ့နေ ကိုယ်စားလှယ် လွှဲစာတွေ ယူထားတာရှိတယ်။ ကျမတို့ကို အပ်နှံထားသူတွေကို စာရင်းပြန်တိုက်နေကြတယ်ပေါ့။”

အကြမ်းဖျင်းစာရင်း အရတော့ တာမွေမြို့နယ်က လူယောက် ၃၀၀ ဝန်းကျင်၊ ကျန်တဲ့ ၃၀၀ လောက်ကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း၊ စမ်းချောင်းက လူငယ်တွေလို့ သူကပြောပါတယ်။

မန္တလေးမှာတော့ မတ်လ ၇ ရက် အောင်မြေသာဇံမြို့နယ်အတွင်း ဖမ်းဆီးခံရတဲ့သူတွေထဲက အယောက် ၃၀ ကျော် မနေ့ညနေက ပြန်လွတ်လာပြီး ဖြစ်စဉ်တခုထဲ ဖမ်းခံရတဲ့ အခြားသူကတော့ ဆက်ထိန်းသိမ်းခံထားရကြောင်း မန္တလေး ဥပဒေ အထောက်အကူပြုကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ဗွီအိုအေကို ပြောပါတယ်။

“၂၂ လမ်းနဲ့ ၈၆ x ၈၉ က ဖမ်းမိတဲ့သူတွေ၊ လွှတ်တာကတော့ မနေ့ညနေ ၆ နာရီ ဝန်းကျင်လောက်မှာပေါ့နော်၊ ၂၂ ရက်က ရမ္မာန်ပြည့်တယ်ဆိုတော့ ကျမတို့ တရားရုံး သွားတဲ့အခါမှာ ရမ္မာန်မှာ တရားစွဲတင်တဲ့အခါမှာ ၃၄ ယောက်ဟာ တရားစွဲမတင်ဘူး လွတ်တယ်။ ကျန်တဲ့သူတွေပဲ တရားစွဲတင် ခံရပါတယ်ဆိုပြီး တရားစွဲတင်တာ။”

အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းရတာ၊ အများပိုင်ပစ္စည်းတွေကို ဖျက်စီးလို့ ပစ်ခတ်နှိမ်နင်းရတာဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်မချဘဲ အခုလို ပြန်လွှတ်ပေးတယ်ဆိုတဲ့ အခြေအနေကို စစ်ကောင်စီဘက်က ပုံဖော်ချင်တာဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတချို့က မြင်ပါတယ်။

သွေးထွက်သံယို သေဆုံးမှုတွေကို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချထားပေမဲ့ ဖမ်းဝရမ်းထုတ်တာတွေ၊ ဆန္ဒပြပွဲတွေကို ဖြိုခွဲတာတွေ ကိုတော့ စစ်အုပ်ချုပ်ရေး ကောင်စီဘက်က ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေ ရှည်ကြာလာတာ၊ နိုင်ငံတကာဖိအားတွေ များလာတာနဲ့အမျှ စစ်ကောင်စီဘက်က စေ့စပ်ညှိနှိုင်းမှုကို ဦးတည်နေပြီလား ဆိုတဲ့ပြောဆိုသံတွေလည်း ကြားနေရပါတယ်။

ဒါပေမဲ့ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွေထပ်တိုးဖွင့်တာ၊ တရားရုံးထုတ် စစ်ဆေးတာမှာ အချိန်ဆွဲနေတာတွေက ဒီအခြေအနေကို ဦးတည်မနေကြောင်းလည်း တချို့က မြင်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့…

“စေ့စပ်ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်ဆိုတာက အခုလို ဆူဆူပူပူ မငြိမ်မသက် ဖြစ်နေတာကို ငြိမ်သွားစေချင်လို့၊ ငြိမ်သွားပြီး ပုံမှန်ဖြစ်သွား စေချင်လို့ ရည်ရွယ်တာ။ အဲဒီရည်ရွယ်ချက် မြောက်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှပဲ ငြိမ်မှာ။ တခြား ဘယ်သူနဲ့ ဆွေးနွေးဆွေးနွေး မလွယ်ဘူး။ တပ်ကိုဘယ်သူ နားလည်အောင် ပြောမှာလဲဆိုတာကို စဉ်းစားကြတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စကို ထပ်ထပ်ပြီး ဖော်ထုတ်လာနေတာကို ထောက်ပြီးတော့ တပ်ကတော့ အဲဒီလိုဆန္ဒ မရှိဘူးလို့ ကျနော်ကတော့ တွက်တယ်။ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောတဲ့ဟာအရ သူတို့ကတော့ သူတို့ချထားတဲ့ မူ road map အတိုင်းပဲ သွားမှာပဲလို့ ပြောသွားတာလေ။”

ဆယ်စုနှစ်တခုလောက် ဒီမိုကရေစီအတွက် ရုန်းကန်နေရချိန် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အဲဒီနောက် ဖြစ်လာတဲ့ တနိုင်ငံလုံး လူထုအုံကြွမှုတွေကို သေနတ်နဲ့ပစ်ခတ် ဖြိုခွဲတာမှာ လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ဘက်ကတော့ မြေပြင်မှာတော့ သေဆုံးသူ ဒီထက်များနိုင်တယ်လို့ ရေးသားထားပါတယ်။ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့သူကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၂၃ ရက်အထိ စာရင်းက ၂,၈၀၀ ကျော်ရှိပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-proester-prison-release/5826562.html

ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင် အင်းစိန်ထောင်မှ လွတ်မြောက် ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင် အင်းစိန်ထောင်မှ လွတ်မြောက် Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.